ကမ္ဘာ့ချန်ပီယံဆုအား ပြန်လည်စိန်ခေါ် နိုင်ရန်အတွက် ယခုနှစ်အတွင်း (၂)ပွဲမှသုံးပွဲအထိ ထိုးသတ်ခွင့်ရရန် ဆန္ဒရှိကြောင်း အောင်လအန်ဆန် ဆို

ကမ္ဘာ့ချန်ပီယံဆုအား ပြန်လည်စိန်ခေါ် နိုင်ရန်အတွက် ယခုနှစ်အတွင်း (၂)ပွဲမှသုံးပွဲအထိ ထိုးသတ်ခွင့်ရရန် ဆန္ဒရှိကြောင်း အောင်လအန်ဆန် ဆို
Photo: onefc
Photo: onefc
Published 6 May 2021

မြန်မာ MMA ကစားသမား အောင်လအန်ဆန်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန်အတွက် ယခုနှစ်အတွင်း (၂)ပွဲမှ (၃)ပွဲအထိ ထိုး သတ်ခွင့်ရရန် ဆန္ဒရှိကြောင်း ONE Championship နှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ONE Championship ၏ ဝိတ်တန်း(၂)ခုချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ချန်ပီယံကာကွယ်ပွဲ (၂)ပွဲစလုံးတွင်အရေးနိမ့်ကာ ကမ္ဘာ့ချန်ပီယံခါးပတ်များ လက်လွှတ်ခဲ့ရသည်။ 

အောင်လအန်ဆန်သည် ထပ်မံထိုးသတ်မည့်ပွဲများတွင် လိုက်ဟဲဗီးဝိတ်တန်းပွဲစဉ်များ ထိုးသတ်တော့မည်မဟုတ်ဘဲ မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထိုးသတ်တော့မည်ဖြစ်ကြောင်း ကြေညာထားသဖြင့် ယခုနှစ်အတွင်း ပြိုင်ပွဲများထိုးသတ်ရပါက မစ်ဒယ်ဝိတ်တန်းပွဲစဉ်များသာ ထိုးသတ်ရမည်ဖြစ်သည်။ 

"ချန်ပီယံခါးပတ်တွေ လက်လွှတ်ခဲ့ရပေမဲ့ ကျွန်တော့်အနေနဲ့ ပြန်လည်စိန်ခေါ်ခွင့်ရဖို့ ကြိုးစားသွားမှာပါ။ တနင်္လာနေ့ကစပြီး ပြန်လေ့ကျင့်နေပါတယ်။ အရင်ကထက် ပိုကောင်းတဲ့အနေအထားတစ်ခု ဖြစ်လာအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်အနေနဲ့ လေ့ကျင့်မှုပိုပြီးပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတာ သိပါတယ်။ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို အားမရပါဘူး။ အထူးသဖြင့် Groun Fight တွေ ပိုကောင်းလာအောင် ပြုလုပ်သွားမှာပါ။ ONE Championship က စီစဉ်ပေးမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဒီနှစ်ထဲမှာ (၂)ပွဲကနေ (၃)ပွဲ လောက်အထိထိုးသတ်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော့်အနေနဲ့ နောက်ဆုံးထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ အရေးနိမ့်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။ အမြဲအားပေးနေတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပိုကောင်းတဲ့အနေအထားတစ်ခုရောက်အောင် ကြိုးစားသွားပါ့မယ်"ဟု အောင်လအန်ဆန်က ONE Championship နှင့် တွေ့ဆုံမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

အောင်လအန်ဆန်သည် ၂၀၂၀ အောက် တိုဘာနှင့် ၂၀၂၁ ဧပြီလ၌ ထိုးသတ်သည့် နှစ်ပွဲတွင် အရေးနိမ့်ခဲ့သဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုတို့အား လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန်အတွက် လက်ရှိချန်ပီယံ ဒီရစ်ဒါနှင့်မထိုးသတ်မီ အခြားကစားသမားများနှင့် စိန်ခေါ်ပွဲများ ထိုးသတ်ရဖွယ်ရှိနေသည်။ 

အောင်လအန်ဆန်သည် စိန်ခေါ်ပွဲများအဖြစ် ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်အပါအဝင် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုစသည့်ကစားသမားများနှင့် စတင်ထိုးသတ်ရမည်ဖြစ်သည်။ 

အောင်လအန်ဆန်သည် ဧပြီ(၂၉)ရက်တွင် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ထားသောကြောင့် လာမည့်ပွဲကို နှစ်လယ်ပိုင်း နောက်ပိုင်းမှသာ ထိုးသတ်ရဖွယ်ရှိကြောင်း သိရသည်။ 

ONE Championship သည် ကစားသမားတစ်ဦးကို တစ်နှစ်အတွင်း ပွဲများစွာစီစဉ်ပေးခြင်းမရှိသဖြင့် အောင်လအန်ဆန်အနေဖြင့် အများဆုံး ယခုနှစ်အတွင်း နောက်ထပ်(၂)ပွဲသာ ထိုးသတ်ရဖွယ်ရှိနေသည်။

အောင်လအန်ဆန်သည် MMA ကစားသမားဘဝ ပွဲပေါင်း (၃၈)ပွဲထိုးသတ်ခဲ့ရာတွင် ပွဲအများစုကို မစ်ဒယ်ဝိတ်တန်းတွင် ထိုးသတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ 

အောင်လအန် ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် (၃)နှစ် ကျော်ကြာရပ်တည်နိုင်ခဲ့ပြီး ၂၀၂၀ အောက်တိုဘာတွင် ချန်ပီယံဆုအား လက်လွှတ်ခဲ့ရသည်။ အောင်လအန်ဆန်သည် စိန်ခေါ်ပွဲများပြန်လည်ထိုးသတ်ရန် အမေရိကန်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

Most Read

Most Recent