■ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ရောင်းထုတ်ခြင်းက ဂလေဇာမိသားစုအတွက် အသင့်တော်ဆုံးလုပ်ရပ်ဟု ဂယ်ရီနဗီးလ်ဆို

■ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ရောင်းထုတ်ခြင်းက ဂလေဇာမိသားစုအတွက် အသင့်တော်ဆုံးလုပ်ရပ်ဟု ဂယ်ရီနဗီးလ်ဆို
Photo : Daily Mail
Photo : Daily Mail
Published 5 May 2021

မန်ယူအသင်း၏ ဂန္ထဝင်နောက်ခံလူဟောင်းနှင့် Sky Sports ၏ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီနဗီးလ်က မန်ယူအသင်းကို ပြန်လည်ရောင်းထုတ်လိုက်ခြင်းက ဂလေဇာမိသားစုအတွက် အသင့်တော်ဆုံး လုပ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဂယ်ရီနဗီးလ်က ဂလေဇာမိသားစုသည် ကလပ်အသင်း၏ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရုန်းကန်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် လေ့ကျင့်ရေးကွင်းတို့ကို အဆင့်မြှင့်တင်ခြင်းမရှိသည့် လုပ်ရပ်များကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်း၏ ပတ်ဝန်းကျင်ဧရိယာများကို ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်ခြင်းနှင့် မန်ယူအသင်းသည် ပရီးမီးယားလိဂ်ဖလားနှင့် (၈) နှစ်ကြာဝေးကွာနေမှုမှာလည်း အသင်းပိုင်ရှင်များ၏ အားနည်းချက်ဖြစ်သည်ဟုဆိုခဲ့သည်။

ဂယ်ရီနဗီးလ်က ''ဂလေဇာမိသားစုဟာ နှစ်ပေါင်းများစွာ ခေါင်းမာခဲ့ကြတယ်။ သူတို့ဝယ်ယူခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်ကို ပြန်ကြည့်လိုက်ရင် အိုးလ်ထရက်ဖို့ဒ်က ဒီတိုင်းပြည်မှာ အကောင်းဆုံးကွင်း၊ ဥရောပမှာ အကောင်းဆုံးကွင်းဖြစ်ခဲ့တယ်။ လေ့ကျင့်ရေးကွင်းကလည်း ပြည်တွင်းမှာ အကောင်းဆုံးဖြစ်သလို၊ ဥရောပမှာပါ အကောင်းဆုံးဖြစ်နိုင်ပါတယ်။ အသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ရဲ့ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲလိုအဆင့်တွေကို ပုံမှန်ရောက်ခဲ့တယ်။ အမှတ်ပေးဖလားကို နှစ်တိုင်းရတယ်။ မရဘူးဆိုရင်လည်း နောက်ရာသီတွေမှာ ပြန်ယူနိုင်တယ်။ အခုအသင်းကို ကြည့်လိုက်ပါ။ ကွင်းက အပေါ်ယံမှာတော့ အမြင်လှပေမယ့် နောက်ကွယ်မှာ တော်တော်လေးဆိုးရွားနေပြီ။ လေ့ကျင့်ရေးကွင်းကလည်း အင်္ဂလန်နိုင်ငံမှာတောင် အကောင်းဆုံး (၅) ကွင်းစာရင်းထဲ မဝင်တော့ဘူး။ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်တောင်မရောက်တာ (၁၀) နှစ်ရှိပြီ။ ပရီးမီးယားလိဂ်ဖလားကို မယူနိုင်တာ (၈) နှစ်ကြာသွားပြီ။ ကွင်းပတ်ဝန်းကျင်ဒေသတွေ ဖွံ့ဖြိုးမှုမရှိဘူး။ ပြိုင်ဘက်အသင်းတိုင်းက ပရိသတ်တွေအတွက် အတွေ့အကြုံသစ်တွေ၊ ခံစားမှုသစ်တွေပေးနိုင်ချိန်မှာ ဂလေဇာမိသားစုဟာ ဘဏ္ဍာရေးလိုအပ်ချက်တွေအတွက်ပဲ ရုန်းကန်နေရတယ်။ သူတို့အနေနဲ့ မန်ယူအသင်းကိုပြန်ရောင်းထုတ်တာက အသင့်တော်ဆုံး လုပ်ရပ်ဖြစ်ပါလိမ့်မယ်''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent