■ စီးရီးအေတွင် လစာအသုံးစရိတ်အများဆုံးအဖြစ် ဂျူဗင်တပ်စ်ရပ်တည်ခဲ့ပြီး စီရော်နယ်လ်ဒိုတစ်ဦးတည်း၏လစာမှာ ကလပ်အသင်း(၃)သင်းထက် ပိုများ

■ စီးရီးအေတွင် လစာအသုံးစရိတ်အများဆုံးအဖြစ် ဂျူဗင်တပ်စ်ရပ်တည်ခဲ့ပြီး စီရော်နယ်လ်ဒိုတစ်ဦးတည်း၏လစာမှာ ကလပ်အသင်း(၃)သင်းထက် ပိုများ
Published 18 April 2021

၂၀၂၀-၂၁ ရာသီ စီးရီးအေပြိုင်ပွဲတွင် လစာပေးချေမှု အသုံးစရိတ်အများဆုံးအဖြစ် ဂျူဗင်တပ်စ်အသင်းက ရပ်တည်လျက်ရှိကြောင်း သိရသည်။

ဖလောရင့်မြို့အခြေစိုက် Viola Nation သတင်းဌာန၏ ထုတ်ပြန်မှုအရ ၂၀၂၀-၂၁ ရာသီတွင် ဂျူဗင်တပ်စ်အသင်း၏ လစာပေးချေမှုအသုံး စရိတ်မှာ ယူရို(၂၃၆)သန်းရှိပြီး ပြိုင်ပွဲဝင်ကလပ်အသင်း(၂၀)အနက် အများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် ဟီဂွါအင်၊ မာတွီဒီ၊ ယာနစ်၊ အမ်မရီချန်၊ ဒူးဂလပ်စ်ကော်စတာ(အငှား) စသည့် ကစားသမားများကို ထွက်ခွာခွင့်ပြုခဲ့သောကြောင့် ၂၀၁၉-၂၀၂၀ ရာသီတွင် အသုံးပြုခဲ့သည့် ယူရို (၂၉၄)သန်းထက် ယူရို(၅၈)သန်းလျော့ကျသွားသော်လည်း လစာပေးချေမှုအများဆုံးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ 

အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် အင်တာမီလန်အသင်းက ယူရို(၁၄၉)သန်းဖြင့် အဆင့်(၂)နေရာ ရပ်တည်နေပြီး ယခင်ရာသီထက် အသုံးစရိတ် ယူရို(၁၀)သန်း မြင့်တက်လာသည်။

၎င်းတို့၏နောက်တွင် ရိုးမားအသင်းက ယူရို (၁၁၂)သန်း၊ နာပိုလီအသင်းက (၁၀၅)သန်း၊ အေစီ မီလန်အသင်းက ယူရိုသန်း(၉၀)၊ လာဇီယိုအသင်း က ယူရို(၈၃)သန်းဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ 

ကလပ်အသင်း(၂၀)အနက် ယခုရာသီတွင် အသုံးစရိတ်လျော့ကျသွားသည့်ကလပ် (၅)သင်း (ဂျူဗင်တပ်စ်၊ ရိုးမား၊ အေစီမီလန်၊ တိုရီနို၊ ဆမ်ဒိုးရီး ယား)သာရှိပြီး ကျန်အသင်းများမှာ အသုံးစရိတ် မြင့်တက်လာကြောင်း သိရသည်။ 

လစာပေးချေမှုအနည်းဆုံးအဖြစ် ယခုရာသီတွင်တန်းတက်လာသည့် စပီဇီယာအသင်းက ယူရို(၂၂)သန်းသာ အသုံး ပြုထားသည်။

စီးရီးအေပြိုင်ပွဲတွင် လစာအများဆုံးကစားသမားအဖြစ် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဆက်လက်ဦးဆောင်နေပြီး အခွန်ဆောင်ပြီး တစ်နှစ်လစာ ယူရို(၃၁)သန်းအထိ ရရှိနေသည်။ 

သို့ဖြစ်ရာ စီရော်နယ်လ်ဒိုတစ်ဦးတည်း၏လစာမှာ လစာပေးချေမှုအနည်းဆုံးဖြစ်သည့် ဗီရိုနာ (ယူရို ၂၄ သန်း)၊ ခရိုတိုနီ(ယူရို ၂၃ သန်း)၊ စပီဇီယာ (ယူရို ၂၂ သန်း) စသည့်အသင်း(၃)သင်းထက်ပင် ပိုများနေကြောင်း သိရသည်။ 

ထို့ပြင် လစာပေးချေမှုစာရင်း၏ အဆင့်(၁၇)နေရာ ရပ်တည်နေသည့် အူဒီးနီးစ်အသင်းမှာလည်း စီရော်နယ်လ်ဒို၏လစာနှင့် တန်းတူအဖြစ် ယူရို(၃၁)သန်းသာ အသုံးပြုထားသည်။ 

ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒိုအပါအဝင် အခြားထိပ်တန်းကစားသမားများကိုလည်း လစာမြင့်မားစွာပေးချေလျက်ရှိသောကြောင့် ပြီးခဲ့သည့်ရာသီတွင် ယူရို(၄၀၆.၈)သန်း ဝင်ငွေရရှိခဲ့သော်လည်း ယူရို(၈၉.၇)သန်း အရှုံးပေါ်ခဲ့သည်။

Most Read

Most Recent