ဆူဇူကီးပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ်မူတည်၍ ပြိုင်ပွဲပုံစံ သတ်မှတ်မည်

ဆူဇူကီးပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေအပေါ်မူတည်၍ ပြိုင်ပွဲပုံစံ သတ်မှတ်မည်
Photo: AFF
Photo: AFF
Published 12 April 2021

 

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ယခုနှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ၂၀၂၁ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါအခြေအနေအပေါ်မူတည်၍ ပြိုင်ပွဲပုံစံသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီတွင်လည်းကျင်းပရန် မဖြစ်နိုင်သဖြင့် နှစ်ကုန်ပိုင်း သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ဗီယက်နမ်ဆီး ဂိမ်းစ်ပြိုင်ပွဲကိုလည်း နိုဝင်ဘာ (၂၁)ရက်မှ ဒီဇင်ဘာ (၂)ရက်အထိကျင်းပမည်ဖြစ်သောကြောင့် AFF သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဆီးဂိမ်းစ်ပြိုင်ပွဲ အပြီး ဒီဇင်ဘာ (၅)ရက်မှ (၃၁)ရက်အထိ ပြုလုပ်သွား မည်ဖြစ်သည်။ 

AFF သည် ဆူဇူကီးဖလားပြိုင်ပွဲ (ယခင် တိုက်ဂါးဖလား၊ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အမည်ဖြင့်ကျင်းပ) ကျင်းပသည့်ပုံစံကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲ တွင် အုပ်စုတစ်ခုချင်းစီအား အိမ်ရှင်နိုင်ငံမရွေးချယ် တော့ဘဲ ပြိုင်ပွဲဝင်အသင်းတစ်သင်းအနေဖြင့် အုပ်စု (၄)ပွဲကို အိမ်ကွင်း(၂)ပွဲ၊ အဝေးကွင်း(၂)ပွဲ ယှဉ်ပြိုင် ကစားစေကာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ ယခင်အတိုင်း အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပခဲ့သည်။ AFF သည် အာဆီယံဒေသတွင်းမှ ပရိသတ်များ ပိုမို  စိတ်ဝင်စားစေရန်အတွက် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ဆက်လက်ကျင်းပရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ 

AFF သည် ယခုနှစ်လယ်ပိုင်းတွင် ပြုလုပ်မည့် ပြိုင်ပွဲကျင်းပရေးကော်မတီအစည်းအဝေးတွင် အာဆီ ယံဆူဇူကီးဖလားပြိုင်ပွဲကျင်းပမည့်ပုံစံအား ထပ်မံအတည်ပြုသွားမည်ဖြစ်သည်။ AFF သည် ၂၀၂၁ ဆူဇူကီးဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်း ပေါင်း (၁၀)သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး (၅)သင်း (၂)အုပ်စုခွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး (၂)နှစ်တစ်ကြိမ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ကာ လက်ရွေးစင်အဆင့်ပြိုင်ပွဲဖြစ်သောကြောင့် အာဆီယံဒေသတွင်း အဆင့့်မြင့်ဆုံးပြိုင်ပွဲလည်းဖြစ်သည်။ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် အသင်း(၄)သင်းသာ ချန်ပီယံဆုရသေးပြီး ထိုင်းအသင်းက (၅)ကြိမ်၊ စင်ကာပူ အသင်းက (၄)ကြိမ်၊ ဗီယက်နမ်အသင်းက (၂)ကြိမ် နှင့် မလေးရှားအသင်းက (၁)ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာအသင်းသည် အမြင့်ဆုံး ဆီမီးဖိုင်နယ်သို့သာ တက်ရောက်ဖူးပြီး ၂၀၁၈ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

Most Read

Most Recent