ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီတွင် အသင်းနည်းပြ ဇီဒန်း၏နေရာ အစားထိုးရန် ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုးနှင့် ရီးယဲလ်အကယ်ဒမီနည်းပြ ရာအူးလ်တို့ကို ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
အသက် (၄၈)နှစ်အရွယ်ရှိ ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းသည် ရီးယဲလ်အသင်းကို ၂၀၁၆ ဇန်နဝါရီလမှ ၂၀၁၈ မေလအထိ ကိုင်တွယ်ခဲ့သည့် ပထမအကြိမ်တွင် ချန်ပီယံလိဂ်ဖလား (၃)လုံးအပါအဝင် ဖလား (၉)လုံးအထိ ရယူနိုင်ခဲ့သည်။
ယင်းနောက် ဇီဒန်းသည် ၂၀၁၉ မတ်လတွင် ရီးယဲလ်အသင်းကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် လာလီဂါချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် ရုန်းကန်နေရသည်။ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်သို့ တက်ရောက်ထားသော်လည်း လာလီဂါပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၆၀)မှတ်ဖြင့် အဆင့်(၃)နေရာ ရပ်တည်နေပြီး အဆင့်(၁)နေရာမှ အက်သလက်တီကိုအသင်း(၆၆ မှတ်)နှင့် (၆) မှတ်ကွာဟနေသည်။
ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် ဇီဒန်း၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ဇွန်လ (၃၀)ရက်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။
သို့သော် ရီးယဲလ်အသင်းအနေဖြင့် ယခုရာသီတွင် ရလဒ်များဆိုးရွားခဲ့မည်ဆိုပါက အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ဇီဒန်းနေရာတွင် အစားထိုးရန် ယော်ကင်လိုးနှင့် ရာအူးလ်တို့ကို မျက်စိကျနေကြောင်း AS က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးသည် လာမည့်ဇွန်လတွင် ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် အသင်းနှင့်လမ်းခွဲမည်ဟု အတည်ပြုထားပြီး ရာအူးလ်မှာမူ ၂၀၁၉ ကတည်းက ရီးယဲလ်အကယ်ဒမီအသင်းကို ကိုင်တွယ်နေသူဖြစ်သည်။
ရီးယဲလ်အသင်းအနေဖြင့် ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသဖြင့် ဇီဒန်းကို ဆက်ထိန်းခြင်းမှာ အကောင်းဆုံးဖြစ်သော်လည်း ၎င်း၏အနာဂတ်မှာ ချန်ပီယံလိဂ်စွမ်းဆောင်မှုအပေါ်မူတည်နေကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် လီဗာပူးလ်နှင့်တွေ့ဆုံနေပြီး ပ-ကျော့ကို ဧပြီ (၆)ရက်တွင် အိမ်ကွင်းနှင့် ဒု-ကျော့ကို ဧပြီ (၁၄) ရက်တွင် အဝေးကွင်း ကစားရမည်ဖြစ်သည်။















