မြန်မာနိုင်ငံမှ ပြည်ပသို့ ကုန်တင်ပို့/တင်သွင်းမှုလမ်းကြောင်းတွင် ၁၀ လအတွင်း ကုန်းကြောင်းမှ ၁၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ရေကြောင်းမှ ၅၆ ဒသမ ၇၈ ရာခိုင်နှုန်းတင်ပို့ပြီး သွင်းကုန်တွင် ကုန်းကြောင်းမှ ၁၆ ရာခိုင်နှုန်းကျော်၊ ရေကြောင်းမှ ၇၉ ဒသမ ၃၉ ရာခိုင်နှုန်း တင်သွင်းထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပပို့ကုန်/သွင်းကုန်စာရင်းဇယားများ ပြည့်စုံမှန်ကန်မြန်ဆန်စွာ ပြုစုရေးအဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ကုန်တင်ပို့မှု/တင်သွင်းမှုလမ်းကြောင်းတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်လအထိ ပို့ကုန်များကို ကုန်းကြောင်းမှ ၁၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ရေကြောင်းမှ ၅၆ ဒသမ ၇၈ ရာခိုင်နှုန်း၊ လေကြောင်းမှ ၃ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းမှ ၂၀ ဒသမ ၀၇ ရာခိုင်နှုန်း တင်ပို့ခဲ့သည်။
သွင်းကုန်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင်လအထိ ကုန်းကြောင်းမှ ၁၆ ဒသမ ၂၀ ရာခိုင်နှုန်း၊ ရေကြောင်းမှ ၇၉ ဒသမ ၃၉ ရာခိုင်နှုန်း၊ လေကြောင်းမှ ၄ ဒသမ ၄၁ ရာခိုင်နှုန်း တင်သွင်းခဲ့သည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် လေးလကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၈၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ လေးလကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၅၃၁ ဘီလျံ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၆ ဒသမ ၄၁၇ ဘီလျံရရှိထားသည်။
လက်ရှိဘဏ္ဍာနှစ် လေးလကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၈၆ ဒသမ ၃၄၁ သန်း လျော့ကျခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြား ပို့ကုန်တို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ၂၇ ရက်အထိ နှစ်လခန့်တွင် ပို့ကုန်/သွင်းကုန် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၃ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့ အဓိကထည့်သွင်းဆောင်ရွက်ထားသည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း စုစုပေါင်းပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃၆ ဒသမ ၆ ဘီလျံကျော်ရှိပြီး လျာထားချက်ထက် ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။