အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ပွဲကို လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ကျင်းပမည်ဖြစ်ကြောင်း ONE Championship ထုတ်ပြန်

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ပွဲကို လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ကျင်းပမည်ဖြစ်ကြောင်း ONE Championship ထုတ်ပြန်
Photo: One Championship
Photo: One Championship
Published 3 March 2021

 

ONE Championship သည် မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲကို လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ပြောင်းလဲကျင်းပ သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။

ONE Championship  သည် ယခင်က အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ပွဲကို မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ကျင်းပရန် စီစဉ်ထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယင်းပွဲကို ဧပြီ ၂၁ ရက်တွင်ကျင်းပရန် စီစဉ်ထားသော်လည်း လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သောကြောင့် ပြင်ဆင်ချိန်ရရှိစေရန် ဧပြီ ၂၈ ရက်သို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန် သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ် ပြီး ၎င်းင်း၏ချန်ပီယံဆုအား ပြန်လည်ကာကွယ် ရမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရယူနိုင်ခဲ့ပြီး ပြိုင်ဘက်ကစားသမား မာချာဒို ကို ပထမအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် သုံးနှစ် ကျော်ကြာ ရပ်တည်လျက်ရှိပြီး ယင်းကာလ အတွင်း ချန်ပီယံကာကွယ်ပွဲတစ်ပွဲသာ ထိုး သတ်ရသေးကာ ဘစ်ဒက်ရှ်နှင့်ပွဲမှာ ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲလည်းဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ဖိလစ်ပိုင်နိုင်ငံ သား ဘရန်ဒန်ဗီရာနှင့် ထိုးသတ်ခဲ့ရာ ဒုတိယ အချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာက ထိုးသတ်သည့်ပွဲတွင် နယ် သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ခဲ့ သဖြင့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု အား လက်လွှတ်ခဲ့ရသော်လည်း လိုက်ဟဲဗီး ၀ိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ဆက်ရှိနေဆဲ ဖြစ်သည်။ ONE Championship  သည် ယခင်က အောင်လအန်ဆန်အား ယခုနှစ် တွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ကာကွယ်နိုင်ရန် စိန်ခေါ်ပွဲများထိုးသတ်နိုင် ရန် စီစဉ်ထားသော်လည်း အပြောင်းအလဲ ပြုလုပ်ကာ ကမ္ဘာ့ချန်ပီယံဖြစ်ထားသည့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်ခြင်းဖြစ်သည်။ 

ဗစ်တာလီဘစ်ဒက်ရှ် သည် မစ်ဒယ်ဝိတ်တန်းတွင်သာ တောက် လျှောက်ထိုးသတ်နေသူဖြစ်ပြီး လိုက်ဟဲဗီး ၀ိတ်တန်းတွင် ပထမဆုံးထိုးသတ်ရမည့်ပွဲ လည်းဖြစ်သည်။ ယင်းကစားသမားနှစ်ဦးစလုံး သည် မစ်ဒယ်ဝိတ်တန်းတွင်သာ ထိုးသတ်နေ သူများဖြစ်သောကြောင့် လိုက်ဟဲဗီးဝိတ်တန်း ထိုးသတ်ရန်အတွက် ကိုယ်အလေးချိန် မြင့် တက်လာရန် လုပ်ဆောင်ရမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် မစ်ဒယ်ဝိတ်တန်းတွင် နှစ်ကြိမ်တွေ့ဆုံဖူးပြီး လိုက်ဟဲဗီးဝိတ်တန်းတွင်မူ ပထမဆုံးတွေ့ဆုံ ခြင်းဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် ၂၀၁၇ ခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံပြီးနောက် ပိုင်း လေးနှစ်နီးပါးကြာမှ ပြန်လည်တွေ့ဆုံ ခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည်  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် နှစ်ကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အောင်လအန် ဆန်သည် ပထမပွဲတွင် အရေးနိမ့်ခဲ့သော် လည်း ဒုတိယပွဲတွင်အနိုင်ရကာ မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် လက်ရှိတွင် ဧပြီတွင် ထိုးသတ်မည့်ပွဲအတွက် အမေရိကန်နိုင်ငံ၌ လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။ အောင်လအန်ဆန်သည် နောက်ဆုံးထိုးသတ်ခဲ့သည့် ဒီရစ်ဒါနှင့်ပွဲအပြီး ခြောက်လနီးပါးအကြာ တွင် ထပ်မံထိုးသတ်ရခြင်းဖြစ်သည်။ ဗစ်တာလီဘစ်ဒက်ရှ်သည် ပြိုင်ပွဲများနှင့် ကာလအတန်ကြာကင်းကွာနေသူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် နောက်ဆုံးထိုးသတ်ပြီးနောက် ပိုင်း ထိုးသတ်ရခြင်းဖြစ်သည်။

Most Read

Most Recent