ဖိနှိပ်မှုများကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံကို တောင်းဆို

ဖိနှိပ်မှုများကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံကို တောင်းဆို
ဖေဖော်ဝါရီ ၂၂ ရက်က ဂျီနီဗာတွင် ပြုလုပ်သော ၄၆ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် ဂူတာရက်က ဗီဒီယိုမှတစ်ဆင့် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်
ဖေဖော်ဝါရီ ၂၂ ရက်က ဂျီနီဗာတွင် ပြုလုပ်သော ၄၆ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးတွင် ဂူတာရက်က ဗီဒီယိုမှတစ်ဆင့် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်
Published 23 February 2021
Ref:AFP

ဖေဖော်ဝါရီ ၂၂ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုနောက်ကွယ်၌ ရှိသူများ၏ ရက်စက်သော အင်အားသုံးမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဖိနှိပ်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တပ်မတော်ကို တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပြောကြားသော သူ၏ နှစ်ပတ်လည်မိန့်ခွန်းတွင် ဂူတာရက်သည် မြန်မာတစ်နိုင်ငံတည်းကိုသာ အမည်တပ်၍ ပြောကြားခဲ့သည်။

“ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ မြန်မာတပ်မတော်ကို ကျွန်တော် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်” ဟု ဂျီနီဗာမြို့ အခြေစိုက်လူ့အခွင့်အရေးကောင်စီ၏ ၄၆ ကြိမ်မြောက်အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ဂူတာရက်က ကြိုတင်သွင်းယူထားသော ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

“ အကျဉ်းသားတွေကို လွှတ်ပေးပါ။ အကြမ်းဖက်မှုကို အဆုံးသတ်ပါ။ မကြာသေးမီက ရွေးကောက်ပွဲမှာ ပြည်သူတွေ ပြသခဲ့တဲ့ ဆန္ဒနဲ့ လူ့အခွင့်အရေးကို လေးစားပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး “ကျွန်တော်တို့ရဲ့ ခေတ်သစ်ကမ္ဘာမှာ အာဏာသိမ်းမှုတွေအတွက် နေရာမရှိပါဘူး” ဟုလည်း အခိုင်အမာပြောကြားခဲ့သည်။

ဂူတာရက်သည် ဖေဖော်ဝါရီ ၂၀ ရက်က လူသေဆုံးမှုရှိခဲ့သည့် အကြမ်းဖက်မှုကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး “ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် သေစေနိုင်တဲ့ အင်အားသုံးမှု၊ နှိပ်စက်ညှင်းပန်းမှုနဲ့ နှောင့်ယှက်မှုတွေက  လက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု ဖေဖော်ဝါရီ ၂၁ ရက်တွင် Twitter ၌ ရေးသားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂနှင့် နိုင်ငံခြားတိုင်းပြည်များစွာတို့သည် ၎င်းတို့၏ ပြည်တွင်းရေး၌ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လျက်ရှိသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

“ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီကို ယုတ်လျော့စေတာ၊ ရက်စက်တဲ့ အင်အားကို အသုံးပြုတာ၊ တစ်ဖက်သတ် စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းတာနဲ့ ထင်ရှားတဲ့သူတွေအားလုံးကို ဖိနှိပ်တာတွေကို မြင်နေရပါတယ်။ အရပ်ဘက်ရဲ့ နေရာကို ကျဉ်းမြောင်းသွားအောင် ထိန်းချုပ်ကန့်သတ်မှုတွေလည်း ပြုလုပ်နေပါတယ်” ဟု ဂူတာရက်က လူ့အခွင့်အရေးကောင်စီသို့ သတိပေးခဲ့သည်။

ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တို့အပေါ် သုတ်သင်မှုများအပါအဝင် လူနည်းစု အုပ်စုများအပေါ် တာဝန်ခံမှုမရှိဘဲ ပြင်းပြင်းထန်ထန် ချိုးဖောက်နေမှုများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအပေါ် ထိုးနှက်တိုက်ခိုက်နေမှုများကိုလည်း ဂူတာရက်က ပြစ်တင်ရှုတ်ချခဲ့သည်။

“ စာရင်းပြုစုနေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

“ ကသောင်းကနင်းဖြစ်မှုရဲ့ တိကျတဲ့ မုန်တိုင်းတစ်ခုထဲမှာ ဒါတွေအားလုံး အတူတကွ ဖြစ်လာနေပါတယ်” ဟုလည်း ဂူတာရက်က ပြောကြားခဲ့သည်။

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့နောက်သို့ လိုက်နေသည့် မြန်မာပြည်သူများကို ၎င်းအနေဖြင့် အပြည့်အဝထောက်ခံကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခကို ရည်ညွှန်းလျက်ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည့် ယခုလအစောပိုင်းက လူ့အခွင့်အရေးကောင်စီ၏ အထူးအစည်းအဝေးအတွင်းက  အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်ကိုလည်း ၎င်းအနေဖြင့် ကြိုဆိုကြောင်း ဂူတာရက်က ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို မြန်မာတပ်မတော်၏ မဟာမိတ်များဖြစ်ကြသော တရုတ်နှင့် ရုရှားတို့ အပါအဝင် နိုင်ငံများစွာတို့က သဘောမတူသော်လည်း လူ့အခွင့်အရေးကောင်စီ၌ ပါဝင်သည့် ၄၇ နိုင်ငံက မဲခွဲခြင်းမပြုဘဲ အတည်ပြုခဲ့သည်။