- မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက နောက်ပိုင်းပွဲစဉ်များတွင် အသင်းအတွက် ခြေစွမ်းပြကစားနေသည့် ဒန်နီယယ်လ်ဂျိမ်းစ်အား အလုပ်ကြိုးစားသူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့သည်။
- အာဆင်နယ်အသင်းတွင် တစ်ပတ်လုပ်ခ ပေါင် (၃၅၀၀၀၀)အထိ ရရှိနေသည့် အူဘာမီယန်းသည် လုံလောက်သည့် စွမ်းဆောင်ရည်ကို မပြသနိုင်ကြောင်းနှင့် သူ၏ အကောင်းဆုံးအချိန်များကို ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဝေဖန်မှုများခံနေရသည်။
- လက်စတာအသင်းနှင့် ဝက်ဖို့ဒ်အသင်းနည်းပြဟောင်း နိုင်ဂျယ်လ်ပီယာဆင်သည် လိဂ်ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဖြစ်သည့် ဘရစ္စတိုးလ်စီးတီးအသင်းနည်းပြရာထူးအတွက် ဆွေးနွေးမှုများပြုလုပ်နေပြီး မကြာမီ တာဝန်ယူဖွယ်ရှိနေကြောင်း သိရှိရသည်။
- ခရစ္စတယ်ပဲလေ့စ်အသင်း၏ တောင်ပံကစားသမား ဇာဟာ (၂၈ နှစ်)သည် လာမည့်နွေရာသီတွင် အသင်းက ထွက်ခွာခွင့်ပြုရန်အတွက် ကလပ်အသင်းကို တောင်းဆိုသွားရန် စီစဉ်နေကြောင်း သိရှိရသည်။
- ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ် ရူမင်နစ်ဂီက အသင်း၏ ဂျာမနီလက်ရွေးစင်နောက်ခံလူ ဇူလာအား သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေသည်ဟု အတည်ပြုခဲ့ပြီး၊ အသင်း၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာကိစ္စများကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ဝန်ခံခဲ့သည်။
- လီဗာပူးလ်အသင်းသည် ဆီဗီလာအသင်း၏ အာဂျင်တီးနားကစားသမား အိုကမ်ပို့စ်အား ခေါ်ယူရန်အတွက် ဆောက်သမ်တန်အသင်းထံ အငှားချထားသည့် မီနာမီနိုကို အသုံးပြုကာ အလိုက်ပေးလဲလှယ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
- ဂျူဗင်တပ်စ်အသင်းသည် တိုက်စစ်မှူး ဒီဘားလားအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။















