အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီကို နိုင်ငံရေးပါတီအချို့အပါအဝင် အဖွဲ့အစည်း ၂၀ ကျော်ဖြင့် ဖွဲ့စည်း

အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီကို နိုင်ငံရေးပါတီအချို့အပါအဝင် အဖွဲ့အစည်း ၂၀ ကျော်ဖြင့် ဖွဲ့စည်း
Published 20 February 2021

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) ကို ရွှေဝါရောင်သံဃာကွန်ရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ အပါအဝင် အဖွဲ့အစည်း ၂၅ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း ယင်းကော်မတီက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်နိုင်ရန်အတွက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးဟူသော ဘုံသဘောတူညီချက်များအပေါ် အခြေခံပြီး ကော်မတီအား ဖွဲ့စည်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ပြုလုပ်လျက်ရှိသော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်တိုက်ပွဲများတွင် ကြွေးကြော်သံများ ပြန့်ကျဲနေမှုနှင့် အစုအဖွဲ့လိုက် ဖြစ်နေမှုများကို တစ်ညီတစ်ညွတ်တည်းဖြစ်စေရေး ကော်မတီအနေဖြင့်  ဆောင်ရွက်သွားမည်ဟု ရွှေဝါရောင်သံဃာ ကွန်ရက်မှ ဆရာတော်ဦးစန္ဒာသီရိက မိန့်ကြားသည်။

“အဓိကကတော့ အာဏာရှင်စနစ်ကို တိုက်တဲ့အခါမှာ အခုလိုမျိုး ပြန့်ကျဲနေတာတွေ စုစည်းမှုမရှိဘူးဆိုရင် လူထုတိုက်ပွဲက အားနည်းတယ်လို့ ယူဆလို့ရတယ်။ အဲအပေါ်မှာ ဦးဇင်းတို့က လူထုတိုက်ပွဲအားကောင်းကောင်းနဲ့ ဆက်ပြီးတိုက်ပွဲဝင်နိုင်ရေးအတွက် စုစုစည်းစည်း စည်းစည်းလုံးလုံးနဲ့  အားလုံးက တောင်းဆိုချက်တွေ ကြွေးကြော်သံတွေက တစ်သံတည်းဖြစ်ဖို့အတွက်က အခုလိုမျိုး အထွေထွေ သပိတ်ကော်မတီရှိဖို့ လိုအပ်တယ်လို့ ယူဆတဲ့အပေါ်မှာ ဒီအထွေထွေသပိတ်ကော်မတီကို စပြီးဖွဲ့စည်းဖြစ်တာပါ” ဟု ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။

အထွေထွေသပိတ်ကော်မတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြည်သူလူထု၏ ဆန္ဒအဖြစ် တရားဝင်မှုအရ အသိအမှတ်ပြုပြီး စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာကို တရားဝင်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပြီးတိုင် ဖျက်သိမ်းနိုင်ရေး ကြိုးစားမည်ဟု ဆိုသည်။

ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးနှင့် ဖမ်းဆီးခံခေါင်းဆောင်များ လွတ်မြောက်ရေးတို့ကိုလည်း တောင်းဆိုမည်ဟု ကော်မတီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထွေထွေသပိတ်ကော်မတီသည် ဒေသအလိုက် သပိတ်ကော်မတီများ ဖွဲ့စည်းရေး၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား ကူညီပံ့ပိုးရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုတိုက်ပွဲများအား စုပေါင်းဖော်ဆောင်နိုင်ရေး၊ တိုက်ပွဲအရှိန်အဟုန်အား ထိန်းညှိရေးနှင့် လူထုလှုပ်ရှားမှုများအား စုပေါင်းကိုယ်စားပြုရေး စသည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ဖေဖေါ်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော် အာဏာသိမ်းယူမှုကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်ပွဲများ နိုင်ငံတစ်ဝန်းတွင် ပြုလုပ်လျက်ရှိသည်။

အထွေထွေသပိတ်ကော်မတီတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦး၊  ဆေးတက္ကသိုလ်ပေါင်းစုံသပိတ် ကော်မတီ၊ ရန်ကုန်ရှေ့နေများ သပိတ်ကော်မတီအပါအဝင် အဖွဲ့အစည်း ၂၅ ဖွဲ့ပါဝင်ကြောင်း သိရသည်။