နယ်မြေသုံးပုံတစ်ပုံခန့် သူပုန်လက်တွင်း ကျရောက်နေသော ဗဟိုအာဖရိက၏ရှေ့ရေး

နယ်မြေသုံးပုံတစ်ပုံခန့် သူပုန်လက်တွင်း ကျရောက်နေသော ဗဟိုအာဖရိက၏ရှေ့ရေး
Published 20 February 2021
ခိုင်

အာဖရိကအလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သော ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ ဘန်ဂါဆိုမြို့တွင်းသို့ သူပုန်များ ဝင်ရောက်လာချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ပီရေအက်ဘင်းဂယ်သည် ကုလသမဂ္ဂ အခြေစိုက်စခန်းတွင် ပုန်းအောင်းနေထိုင်နေရသည်။

ယခင်က လူ ၃၀ç၀၀၀ ဝန်းကျင်နေထိုင်ခဲ့သည့် ဘန်ဂါဆိုမြို့သည် လက်ရှိအချိန်တွင် နေထိုင်သူအလွန်နည်းပါးသော မြို့ဆိုးတစ်မြို့ကဲ့သို့ ဖြစ်နေသည်။ တရားဥပဒေကင်းမဲ့နေသည့် နယ်မြေဒေသအများဆုံးတည်ရှိရာ ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ ပစ္စက္ခအခြေအနေကို နိုင်ငံတကာအသိုက်အဝန်းထံ ပြသနိုင်ရန် ကာလရှည်ကြိုးပမ်းနေရမှုကြောင့်သော်လည်းကောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သော ထကြွသောင်းကျန်းမှုများကြောင့်သော်လည်းကောင်း ဘန်ဂါဆိုမြို့သည် ဒုက္ခ၊ အကျပ်အတည်းပေါင်းစုံ ကျရောက်နေသည့် မြို့ဖြစ်နေသည်။

အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘန်ဂါဆိုမြို့မှ ထွက်ပြေးခဲ့ကြသော မိသားစုဝင်ထောင်နှင့်ချီသည် မြို့အနီးရှိ တောအုပ်အတွင်း၌ နေထိုင်နေရပြီး ဗဟိုအာဖရိကသမ္မတနိုင်ငံမြို့တော်ဘန်ဂီမှ အရှေ့ဘက်ကီလိုမီတာ ၇၀၀ (၄၃၅ မိုင်) ဝန်းကျင်တွင်ရှိသော သစ်တောအတွင်း တဲများဆောက်လုပ်ရန်အတွက် သစ်ပင်နှင့်သစ်ကိုင်များကို ခုတ်ယူနေကြသည်။

သူပုန်များ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်သောကြောင့် ကုလအခြေစိုက်စခန်းအတွင်း ဘန်ဂါဆိုမြို့၏အစိုးရတာဝန်ရှိသူဘင်းဂယ် ခိုလှုံနေသည်မှာ တစ်လကျော််ကြာမြင့်နေပြီဖြစ်သည်။

ဘန်ဂါဆိုမြို့တည်ရှိရာ Mbomou စီရင်စုတွင် အစိုးရထိပ်တန်းကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသော ဘင်းဂယ်သည် ဘန်ဂါဆိုမြို့နေဒေသခံများ၏ စကားသံကို သိရှိရရန်အတွက် ယခုလ အစောပိုင်းတွင် ဘန်ဂါဆိုမြို့ပြင်တွင်ရှိသော သစ်တောအတွင်းပုန်းခိုနေကြသည့် စစ်ဘေးရှောင်မိသားစုများကို သွားရောက်တွေ့ဆုံခဲ့သည်။

သမ္မတဖော်စတင်အာချန်ဂီတိုရာဒယ်ရာနှင့် ရယူထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ပါ ကတိကဝတ်ကို လက်နက်ကိုင်သူပုန်အဖွဲ့ ၁၄ ဖွဲ့ထဲမှ ခြောက်ဖွဲ့က ဒီဇင်ဘာလတွင် ချိုးဖောက်ခဲ့ပြီးနောက် ဗဟိုအာဖရိကတွင် လူ ၂၀၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။

ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့သော လက်နက်ကိုင်တပ်ဖွဲ့ခြောက်ဖွဲ့သည် ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ နယ်မြေသုံးပုံနှစ်ပုံခန့်ကို ထိန်းချုပ်ခြယ်လှယ်ထားသည်။

ဒီဇင်ဘာ ၂၇ ရက် သမ္မတရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမည်ဟု ကတိပြုလျက် သူပုန်အဖွဲ့များသည် တပ်အင်အားကို စုပေါင်းခဲ့ကြပြီး အစိုးရဆန့်ကျင်ရေးစစ်ပွဲကို စတင်ခဲ့သည်။ ထို့ပြင် အာဏာသိမ်းရန် ကြိုးပမ်းမှုဟု အစိုးရအဖွဲ့က ခေါ်ဆိုထားသော လုပ်ဆောင်မှုဖြစ်သည့် မြို့တော်ဘန်ဂီသို့ ချီတက်မှုကိုလည်း သူပုန်အဖွဲ့များက ဆောင်ရွက်ခဲ့သည်။

သို့သော် ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် သမ္မတဖော်စတင် ပြန်လည်ရွေးကောက်တင်မြှောက်ခံရမှုကို သူပုန်များမတားဆီးနိုင်ခဲ့ပေ။

ဇန်နဝါရီ ၃ ရက်တွင် လက်နက်အများအပြားကိုင်ဆောင်ထားသော သူပုန်ထောင်နှင့်ချီသည် ဘန်ဂါဆိုမြို့ရှိ အစိုးရတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြပြီး ရုရှားပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ Wagner မှ လေ့ကျင့်ရေး စွမ်းရည်ပြည့်ဝသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကိုပင် သဲကြီးမဲကြီး တိုက်ခိုက်ခဲ့ကြသည်။

ဖော်စတင်ကို ကျောထောက်နောက်ခံပြုထားသော ရုရှားအစိုးရအဖွဲ့က ဒီဇင်ဘာလနှောင်းပိုင်းတွင် ဗဟိုအာဖရိကအစိုးရအဖွဲ့ထံ စစ်ကူပို့ပေးခဲ့ပြီး ရဝမ်ဒါနိုင်ငံကလည်း လက်နက်အင်အားနည်းပါးသော၊ လေ့ကျင့်မှုစွမ်းရည် အားနည်းသော ဗဟိုအာဖရိကစစ်တပ်ကို ထောက်ကူရန်တပ်ဖွဲ့များ စေလွှတ်ခဲ့သည်။

ဇန်နဝါရီ ၃ ရက်တွင် ဘန်ဂါဆိုမြို့တွင်း၌ နာရီပေါင်းများစွာကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကုလသမဂ္ဂ၏ MINUSCA မစ်ရှင်အဖွဲ့သည် ဒဏ်ရာရရှိသူများ၊ ဒဏ်ရာမရသူများ၊ မြို့၏ အစိုးရတာဝန်ရှိသူများကို ကုလသမဂ္ဂအခြေစိုက်စခန်းရှိ ဘေးကင်းလုံခြုံသောနေရာသို့ ခေါ်ဆောင်နိုင်ရန်အတွက် တိုက်ပွဲအတွင်း ပါဝင်ခဲ့ရသည်။

“စစ်ဘေးရှောင်မိသားစုတွေကို ကျွန်မသွားတွေ့ရတာတောင် MINUSCA မစ်ရှင်အဖွဲ့ရဲ့ လက်နက်တပ်မော်တော်ယာဉ် အစောင့်အကြပ်နဲ့သွားရပါတယ်။ ကျွန်မတို့တွေ တိုက်ပွဲမြူခိုးတွေရဲ့အကြားမှာ ရှိနေကြပါတယ်။ သူတို့ အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ သူပုန်တွေကတော့ ဒီဒေသကို တစ်ချိန်ချိန်မှာ စွန့်ခွာထွက်ပြေးကြရမှာပဲ” ဟု စစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံမှုအတွင်း ဘင်းဂယ်ကပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မြို့အများအပြားတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များက ဘန်ဂါဆိုမြို့၏ကံကြမ္မာကို ထင်ဟပ်နေသည်။

နိုင်ငံရေးအကျပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်၍ နေထိုင်လျက်ရှိသော ပြည်သူ့ဝန်ထမ်းအနည်းငယ်ဖြင့် ဗဟိုအာဖရိကအစိုးရအဖွဲ့သည် အုပ်ချုပ်ရေးအဖွဲ့အသွင်ဖြင့်သော်လည်းကောင်း၊ ရဲတပ်ဖွဲ့အသွင်ဖြင့် သော်လည်းကောင်း၊ တရားရေးအာဏာပိုင် အဖွဲ့အသွင်ဖြင့်သော်လည်းကောင်း နိုင်ငံ့နယ်မြေများကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့် သူပုန်အဖွဲ့များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေရသည်။

ပြဿနာတစ်ရပ် ဖြစ်ပွားလာတိုင်း အစိုးရဝန်ထမ်းများသည် MINUSCA အခြေစိုက်စခန်း၏ ခိုလှုံရေးစခန်းများသို့ လာရောက်ခိုလှုံကြရသည်။ MINUSCA က ရာဇသံပေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်တွင် သူပုန်အများစုသည် ဘန်ဂါဆိုမြို့မှ ဆုတ်ခွာခဲ့ကြသော်လည်း ကျေးရွာများတွင် ခြုံခိုနေကြပြီး လမ်းများကို သိမ်းယူထားသည်။ ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ်ကြီးဟု ကြေညာထားသော မာဟာမတ်ဆာလာက လက်နက်ကိုင်တိုက်ခိုက်ရေးသမား ဒါဇင်ပေါင်းများစွာပါဝင်သော သူပုန်အဖွဲ့ကို နီအာကာရီကျေးရွာတွင် ပုန်းအောင်ရန် အမိန့်ပေးထားသည်။

“ကျွန်တော်တို့ ဒီမှာရှိနေတာက ပြည်သူတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ သမ္မတ ဖော်စတင်က ဗဟိုအာဖရိကသမ္မတနိုင်ငံကို တစ်ပါးသူလက်ထဲ ရောင်းချခဲ့တဲ့အတွက် ကျွန်တော်တို့ ဘန်ဂါဆိုမြို့ကို တိုက်ခိုက်ရတာပါ။ သူပုန်တွေရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က သမ္မတဖော်စတင် ရာထူးကနေ နုတ်ထွက်ရေးပါ” ဟု ဇန်နဝါရီက ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုအတွင်း ဆာလာက ပြောကြားခဲ့သည်။

နီအာကာရီကဲ့သို့သော ကျေးရွာများတွင် ဆိုင်များ၊ စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာများ ပိတ်ထားရပြီး ကျေးရွာတွင်း၌ စစ်သွေးကြွများက သေနတ်များထမ်း၍ သွားလာနေခြင်းတို့သည် ရွာသူ၊ ရွာသားများကို အမြဲအထိတ်တလန့် ဖြစ်စေနေသည်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့က  ထောက်ပံ့ပေးထားသော ဘန်ဂါဆိုဆေးရုံမှ စိတ်ကျန်းမာရေးဆရာဝန် ဗစ်တိုရီနဂေါ့ပူ က “ခိုလှုံစရာနေရာရှာဖို့ စစ်ဘေးရှောင်ပြည်သူတွေ ဆေးရုံကို တစ်ခါတစ်ရံ ရောက်ရှိလာကြတယ်။ လူအတော်များများက သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ၊ သူတို့ရဲ့ ဆွေမျိုးတွေကို ဆုံးရှုံးခဲ့ကြတယ်။ ပြည်သူအချို့ဆို စိတ်ထိခိုက်မှုကြီးမားလို့ သေနတ်သံကြားရင် ထိတ်လန့်တုန်လှုပ်ပြီး နားမထောင်နိုင်ကြဘူး “ ဟု ပြောကြားခဲ့သည်။

နိုင်ငံ့နယ်မြေအများအပြားကိုသူပုန်များ ကြီးစိုးခြယ်လှယ်နေခြင်း၊ တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်း၊ အစိုးရတာဝန်ရှိသူများမှာ သူပုန်များကို ထိတ်လန့်၍ ထွက်ပြေးပုန်းအောင်းနေရခြင်း၊ တိုင်းရေးပြည်ရေး မတည်ငြိမ်ခြင်းတို့ကြောင့် ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ရှေ့ရေးမှာ ဝေ၀ါးနေဆဲဖြစ်သည်။