ထင်ယောင်ထင်မှား

ထင်ယောင်ထင်မှား
Photo:theskillsfarm
Photo:theskillsfarm
Published 20 February 2021
မင်းည

ဖုန်းတွေလူတိုင်း၏ လက်ထဲသို့ ရောက်ရှိလာပြီးသည့်နောက် ကြုံလာရသည့် ပြဿနာတစ်ခုက ဖုန်းမှားဆက်မိသည့် ပြဿနာပင် ဖြစ်သည်။ ဖုန်းနံပါတ်ကို မှားယွင်းနှိပ်မိ၍လည်ကောင်း ဖုန်းနံပါတ်ကို အမှတ်မှားမိ၍လည်းကောင်း အခြားအကြောင်းကြောင်းကြောင့်လည်းကောင်း ဖုန်းမှားဆက်မိတတ်ကြသည်။

ကျွန်တော်လည်း မှား၍ဆက်ဖူးသည်။လူတော်တော်များများလည်း မှားဆက်မိဖူးသည်။ ယခု ဒီစာကို ဖတ်မိသူတို့သည်လည်း မှားဆက်မိဖူးကောင်း မှားဆက်ဖူးပေလိမ့်မည်။ တစ်ခါကဖြစ်သည်။ သူငယ်ချင်းတစ်ယောက်၏ ဖုန်းကိုခေါ်ဆိုရင်း မြို့နယ်နာရေးကူညီမှုအသင်းသို့ ရောက်သွားခဲ့ဖူးသည်။      “ဟုတ်ကဲ့ နာရေးကူညီမှုအသင်းကပါ ခင်ဗျာ”ဆိုမှ ဖုန်းမှားသွားကြောင်း တောင်းပန်ကာချပစ်လိုက်ရဖူးသည်။ ပြောရလျှင် ရယ်စရာလည်းကောင်း စိတ်ရှုတ်စရာလည်းကောင်းသည့် အဖြစ်အပျက်များပင် ဖြစ်ပါသည်။

လွန်ခဲ့သောရက်ပိုင်းလောက်က ဖြစ်ပါသည်။ ဖုန်းနံပါတ် အစိမ်းတစ်လုံးဝင်လာ၍ ကိုင်လိုက်မိပါသည်။ ဖုန်းကို ကိုင်မိလျှင် ကိုင်မိချင်းပဲ “ပြော” ဆိုသည့် ခပ်ပြတ်ပြတ်  စကားသံတစ်ခုကို ကြားလိုက်ရပါသည်။ တကယ်ဆို သူ့ဘက်မှ စတင်ဆက်သွယ်လာခြင်းဖြစ်၍ ‘ပြောပါ’ ဆိုသည့် စကားကို ကျွန်တော်က ပြောရမည် ဖြစ်ပါသည်။ ယင်းကို သူက ‘ပြော’ ဆိုတော့ ကျွန်တော်က ဘာကို ပြောရပါမည်နည်း။ ထားတော့။ ယင်းက ဖုန်းနှင့် အကျွမ်းတဝင် မဖြစ်သေးသူအချို့ မှားယွင်းမိတတ်သည့် မှားယွင်းမှုမျိုးဖြစ်၍ နားလည်ပေး၍ရနိုင်ပါသေးသည်။

ခက်သည်က ဖုန်းမှားနေပါသည်ဟု ပြောပါလျက် ထပ်ကာထပ်ကာဆက်သွယ်နေခဲ့ခြင်းပင် ဖြစ်ပါသည်။ မဟုတ်ပါဘူး၊ မှားနေပါသည်ဟု ပြောဆိုပါလျက် “ဟုတ်ပါတယ်၊ ဒီဖုန်းပါပဲ” ဟု ပြောဆိုကာ ဆက်သွယ်လာခြင်း ကိစ္စပင် ဖြစ်ပါသည်။ တစ်ကြိမ်၊ နှစ်ကြိမ်ခန့်က ပြဿနာမရှိသော်လည်း မကြာခဏ နေ့စဉ်ရက်ဆက်  ဆက်သွယ်နေခြင်းကတော့ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။ နောက်ပြောင် နှောင့်ယှက်နေခြင်းလေလားဟု တစ်ဖက်မှ ဆက်သွယ်လာသူ၏ စကားသံကို နားထောင်ခွဲခြမ်းကြည့်သော်လည်း နောက်ပြောင်နေဟန်မတူ။ အမှန်တကယ် ဤဖုန်းနံပါတ်ကို သူဆက်သွယ်ရမည့် ဖုန်းနံပါတ်အမှန်ဟု ထင်နေပုံဖြစ်နေခဲ့သည်။ အကြောင်းတစ်ခုခု မှားယွင်းနေမှုတစ်ခုခု ရှိနေခဲ့မည်မှန်း သိသော်လည်း အားနားစွာပင် Block လိုက်ရပါသည်။

တစ်လက်စတည်း ကျွန်တော် စဉ်းစားလိုက်မိသည်က ၎င်းဖုန်းမှားယွင်းဆက်သွယ်လာသူလို အမှားကိုအမှန်ဟု ထင်မြင်မိနေသည့်သူများ ဘယ်လောက်များများ ရှိနေခဲ့ပြီလဲဆိုသည့်ကိစ္စကိုပင်ဖြစ်ပါသည်။ မှားယွင်းနေမှုကို  မှားယွင်းနေသည်ဟု မသိဘဲရှိနေသည့်လူများ ကျွန်တော်တို့၏ပတ်ဝန်းကျင်မှာ ဘယ်လောက်များများ ရှိနေခဲ့ပြီလဲ ဆိုသည့်ကိစ္စကိုပင် ဖြစ်ပါသည်။ မှားယွင်းနေပါသည်ဟု ပြောနေပါလျက်တောင်  မှားယွင်းပါသည်ဟု လက်မခံဘဲ အမှန်ဟုထင်နေသည့်သူများ ဘယ်လောက်များများ ရှိနေခဲ့ပြီလဲဟု တွေးမိခဲ့ပါသည်။

အကြောင်းတိုက်ဆိုင်၍ ဤနေရာမှာ ဖတ်ရှုမှတ်သားခဲ့ရဖူးသည့် ပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်ပါသည်။ ပုံပြင်ကလေး၏ အကြောင်းအရာက သိပ်အထူးဆန်းကြီးမဟုတ်။ ပုဏ္ဏားကြီးတစ်ယောက်နှင့် အရက်သမား သုံးယောက်၏အကြောင်းသာ  ဖြစ်ပါသည်။ ပုဏ္ဏားကြီးပိုင်ဆိုင်သည့် ဆိတ်တစ်ကောင်ကို အရက်သမား သုံးယောက်မှ လှည့်ဖြားလိမ်ယူဖို့ ကြိုးစားခဲ့ကြသည့်အကြောင်းကလေးသာ ဖြစ်ပါသည်။ တစ်နေ့မှာ ပုဏ္ဏားကြီးတစ်ယောက်သည် တစ်နယ်တစ်ကျေးကနေ လက်ဆောင်အဖြစ် ရရှိလာသည့်  ဆိတ်တစ်ကောင်ကိုဆွဲ၍  သူနေထိုင်ရာ  အရပ်ဒေသသို့ ပြန်လာခဲ့သည်ဟု ဆိုပါသည်။ ထိုကဲ့သို့  ဆိတ်ကိုဆွဲပြီး ပြန်လာသည့် ပုဏ္ဏားကြီးကို လမ်း၏တစ်နေရာမှာ အရက်သေစာသောက်စားနေကြသည့်  အရက်သမား သုံးယောက်က မြင်သွားသည်ဟု ဆိုပါသည်။ ထိုသို့ ပုဏ္ဏားကြီးနှင့် ပုဏ္ဏားကြီး ဆွဲလာသည့် ဆိတ်ကိုမြင်တွေ့သွားပြီးနောက် ပုဏ္ဏားကြီးလက်ထဲက ဆိတ်ကိုချက်ပြုတ်ကာ အရက်နှင့် တွဲဖက်စားသောက်ခွင့်ရလျှင် ‘ကောင်းမှာပဲ’ ဟု တွေးမိခဲ့ကြသည်ဟု ဆိုပါသည်။ တွေးမိသည့်အတိုင်းလည်း ပုဏ္ဏားကြီးလက်ထဲမှ ဆိတ်ကိုရအောင် ကြိုးစားကြံစည်ကြပါတော့သည်။

ပထမဦးဆုံး အရက်သမားသုံးယောက်သည်  ပုဏ္ဏားကြီးလာမည့်လမ်းရှေ့ကနေ တစ်ယောက်ကို တစ်နေရာစီ ခွဲ၍ ကြိုပြီးစောင့်နေခဲ့ကြသည်ဟု ဆိုပါသည်။ ပုဏ္ဏားကြီးကတော့ ယင်းကိုမသိသလို ရိပ်လည်းမရိပ်မိ။ သူသွားစရာရှိသည့်အရပ်သို့ ဆိတ်ကိုဆွဲ၍ သွားမြဲသွားသည်ဟု ဆိုပါသည်။ သည်လိုနှင့် ပထမဦးဆုံးအရက်သမား စောင့်နေသည့်နေရာသို့ ပုဏ္ဏားကြီးရောက်လာသည့်အခါ ပထမအရက်သမားက “သင့်လို အမျိုးမြတ်တဲ့ ပုဏ္ဏားက အဘယ့်ကြောင့် ယုတ်နိမ့်တဲ့ခွေးလို သတ္တဝါကိုဆွဲလာခဲ့ရတာလဲ”ဟု မေးလိုက်သည်ဟု ဆိုပါသည်။ ပုဏ္ဏားကြီးလည်း ပထမ အရက်သမား၏စကားကို ကြားသည့်အခါ ရယ်သည်ဟု ဆိုပါသည်။ ဆိတ်တစ်ကောင်လုံးကို မြင်နေပါလျက် ခွေးဟုပြောလာသူ အရက်သမားကိုလည်း  ရူးနေသူမူးနေသူတစ်ယောက် သို့မဟုတ် အမြင်အာရုံမကောင်းသည့်သူတစ်ယောက်ဖြစ်လိမ့်မည်ဟု  သတ်မှတ်ပြီး သူသွားစရာရှိသည့်လမ်းကို ဆက်သွားသည်ဟု ဆိုပါသည်။

သည်လိုနှင့် ဒုတိယမြောက် အရက်သမားစောင့်နေသည့်နေရာနားသို့ ပုဏ္ဏားကြီး ရောက်ပြန်ပါလေသည်။ ထိုအခါမှာလည်း ဒုတိယအရက်သမားက ပုဏ္ဏာကြီး “ဒီခွေးကို ဘာလုပ်ဖို့ ယူလာတာလဲ”ဟု မေးမြန်းသည်ဟု ဆိုပါသည်။ ဒုတိယအရက်သမား၏စကားကို ကြားလိုက်သည့်အခါမှာတော့ ပုဏ္ဏားကြီးမှာ နည်းနည်းတွေဝေစပြုသွားခဲ့သည်ဟု ဆိုပါသည်။ ထို့အတူ သူယခုဆွဲလာသည့် သတ္တဝါသည် ‘ဆိတ်မှ ဟုတ်ရဲ့လား’ဟူ၍လည်း သံသယစဝင်လာမိခဲ့သည်ဟု ဆိုပါသည်။သည်လိုနှင် ့ဒွိဟစိတ်များနှင့်  ဆိတ်ကိုဆွဲပြီး  ဆက်သွားရင်း တတိယအရက်သမား၏ အနားကို ပုဏ္ဏားကြီးတစ်ယောက် ရောက်ပြန်ပါသည်။

တတိယမြောက် အရက်သမားကလည်း ပုဏ္ဏာကြီးကို တွေ့သည့်အခါ “ပုဏ္ဏားကြီးတစ်ယောက် ခွေးကို ချက်စားဖို့ ဖမ်းလာပါတယ်”ဆိုပြီး လှောင်ပြောင်ရယ်မောသည်ဟု ဆိုပါသည်။ တတိယမြောက်အရက်သမား၏ လှောင်ပြောမှုကို ခံလိုက်ရသည့်အခါမှာတော့ ပုဏ္ဏားကြီးလည်း သူ့လက်ကဆွဲလာမိသည့် သတ္တဝါသည်  ဆိတ်မဟုတ်ဘဲ ခွေးသာ အမှန်ဖြစ်လိမ့်မည်ဟု ယုံကြည်သွားခဲ့သည်ဟု ဆိုပါသည်။ ထို့နောက်မှာတော့  ဆိတ်ကို ယင်းနေရာမှာပင် စွန့်ပစ်ထားခဲ့ပြီ သူသွားစရာရှိသည့်နေရာကို ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု ဆိုပါသည်။ ပုဏ္ဏားကြီးထွက်ခွာသွားသည့်အခါကျမှ အရက်သမားသုံးယောက်လည်း ဆိတ်ကို ဖမ်းဆီးချက်ပြုတ်ပြီး အရက်နှင့် တွဲဖက်စားသောက်လိုက်ကြသည်ဟု ဆိုပါသည်။

ပုံပြင်ကလေးက ရိုးရိုးလေးပင်ဖြစ်ပါသည်။ သို့ပါသော်လည်း ပုံပြင်ကလေး ပေးသည့်အသိကတော့ တော်တော်လေးကို ကြီးမားသည်ဟု ကျွန်တော်ကတော့ ထင်မြင်မိပါသည်။ အထူးသဖြင့် သည်နေ့ခေတ်ကာလနှင့် အလွန်ကိုက်ညီသည်ဟု ကျွန်တော်ကတော့ ထင်မြင်မိပါသည်။ တကယ်လည်း ရေများရေနိုင် မီးများမီးနိုင်ဆိုသလို အင်အားကြီးသည့် အမှားအချို့ကြောင့် အမှန်ကနေ အမှားဖြစ် နေခဲ့ရသည့်ကိစ္စများကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြောက်မြားစွာတွေ့နေခဲ့ရပါသည်။ အဆိုးဆုံးကတော့ ကျန်းမာရေးနယ်ပယ်မှ တွေ့နေရသည့် ကိစ္စများပင် ဖြစ်ပါသည်။ အထူးသဖြင့် ခွေးကိုက်သည်ကို မန်းလျှင်ပျောက်သည်ဟု ထင်နေကြသည့်ကိစ္စမျိုး၊ ပိုးထိသည့်အခါ မြွေ၏အမြီးကိုဖြတ်ပြီး ပြန်မျိုရသည်ဆိုသည့် ကိစ္စမျိုးတို့ပင်ဖြစ်ပါသည်။(ဤအကြောင်းအရာများက ဥပမာမျှသာဖြစ်ပြီး အခြားမှားယွင်းနေသည့် အကြောင်း အရာတို့ မြောက်မြားစွာ ရှိနေခဲ့ပါသေးသည်)အမှားကိုအမှန်ဟု ထင်နေကြသည့်ကိစ္စမျိုးတို့ပင် ဖြစ်ပါသည်။ (လွန်ခဲ့သောရက်က ကိုဗစ်နိုင်ဆေးဆိုသည့် ဆေးတစ်မျိုးကိုပင်  တွေ့လိုက်ရပါသေးသည်)

တကယ်တော့ ထိုကဲ့သို့ကိစ္စမျိုးတို့က  အမှားများအင်အားကြီးမားလာရာကနေမှ တစ်ဆင့် အမှန်လိုလို ထင်ယောင်ထင်မှား ဖြစ်လာခဲ့ကြသည့် ကိစ္စများသာ ဖြစ်ပါသည်။တကယ်လည်း ကျန်းမာရေး အသိအမှားကြောင့် အသက်ဆုံးရှုံးလိုက်ကြရသည့် အဖြစ်အပျက်အများအပြားကို တွေ့မြင်ခဲ့ရဖူးပါသည်။ ကျန်းမာရေးနယ်ပယ်မှာသာမက အခြားသော လူမှုရေး၊ စီးပွားရေးနယ်ပယ်များမှာလည်း အမှားကနေ အမှန်ဖြစ်သွားသည့်  ကိစ္စများ၊ အမှန်ကနေ အမှားဖြစ်ပေးလိုက်ရသည့်ကိစ္စများ အမြောက်အမြားရှိနေခဲ့ပါ သည်။ ဟုတ်ပါသည်။ ကျွန်တော် ပြောလိုသည်မှာ အမှားများကို အသုံးပြုများလာသည့်အခါ အမှားများ အင်အားကြီးမားလာသည့်အခါ အမှန်လိုလို ထင်ယောင်ထင်မှား ဖြစ်လာတတ်ကြသည်ဆိုသည့်သဘောကို ဖြစ်ပါသည်။ အကောင်းများက အဆိုးဖြစ်၍ အဆိုးများကို အကောင်းများဟု ထင်ယောင်ထင်မှား ဖြစ်လာတတ်ကြသည်ဆိုသည့်သဘောကို ဖြစ်ပါသည်။ ထို့အတူ ၎င်းအခြေအနေတို့ကို ကျွန်တော်တို့အားလုံး အထူးသတိထားမိကြဖို့  ဂရုပြုကြဖို့ လိုအပ်သည်ဟူ၍လည်း ထင်မြင်နေမိပါတော့သည်။