သမီးလေး မွေးတဲ့အချိန်

သမီးလေး မွေးတဲ့အချိန်
Photo:Integrisok
Photo:Integrisok
Published 19 February 2021

သမီးလက်ဖြူဖြူနုနုလေးဟာ ကျွန်တော့်လက်ထဲမှာ ခြောက်ချိုးတစ်ချိုးလောက်နဲ့ နေရာယူထားတယ်။ ခဏနေတော့ ကျွန်တော်က ဆုပ်ကိုင်မထားမိတာလား၊ သမီးလေးကပဲ ရုန်းကန်သွားတာလား မသိလိုက်ဘူး။ သေးသေးကွေးကွေးလက်လေးဟာ ကျွန်တော့်လက်ထဲကနေ လွတ်ထွက်သွားတယ်။ သမီးလေးကတော့ အများကြီး မသိရှာသေးပါဘူး။ သူ့မျက်နှာနုနုလေးပေါ်မှာ သူ့လက်နုနုလေးတွေကို ဟိုဟိုဒီဒီရွေ့လျားနေ လေရဲ့။

တကယ်ဆို သမီးလေးကို ဒီလောကကြီးထဲဆီ ခေါ်လိုက်ဖို့တောင် မကောင်းဘူး ထင်ပါတယ်။ ဒါပေမဲ့လည်း သမီးလေးက ကမ္မနိယာမအရ ပဋိသန္ဓေစိတ်ကို ယူလာခဲ့ပြီပဲ။ ဒါဟာ ဖခင်သုတ်ပိုးနဲ့ မိခင်သားဥကြွေချိန်တွေ မပါဝင်ဘဲနဲ့ ဖြစ်ပျက်ခဲ့တာတော့ မဟုတ်ဘူးပေါ့လေ။ အဲဒီဆုံချက်သုံးခုနဲ့ပဲ သမီးလေးဟာ မေ့မေ့ဝမ်းကြားတိုက်မှာ ကာယဝိညာဉ်စိတ်တွေနဲ့အတူ ဘဝင်စိတ်တွေဟာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်လာခဲ့တာပေါ့။ ဒါက မမွေးဖွားခင်က အပိုင်းပါသမီးလေး။

အခုလို မွေးဖွားပြီးတဲ့အခါကျတော့သမီးလေးမှာ မေ့မေ့နို့ကိုအငမ်းမရစို့တဲ့ လောဘစိတ်တွေတောင် ဖြစ်နေပြီပဲ။ မေ့မေ့အသံကိုကြားတဲ့ သောတဝိညာဏဓာတ်တွေလည်း တစ်နေ့ထက်တစ်နေ့ ပိုတိုးလာနေပြီပဲ။ ပစ္စုပ္ပန်တည့်တည့်က ကာယဝိညာဏဆိုရင်လည်း မွေးစရက်နဲ့တောင် မတူတော့ဘူးလေ။ မေမေ့မြှူသံကို နားစွင့်နေတတ်ပြီ။ မေမေရှိတဲ့ဘက်ကို သိနေပြီ။ မေမေ့ရင်ခွင်ထဲမှာနေခွင့်ရရင် ငြိမ်နေတတ်ပြီ။ အလိုမကျတဲ့ အခါမှာတော့ ဒေါသနဲ့ငိုပြတတ်တဲ့ သမီးလေးရဲ့ငိုသံဟာ တစ်ခန်းလုံးညံနေတာပဲ။ သီးခြားခုတင်မှာ ရှိတဲ့လူတောင် အိပ်မပျော်နိုင်ခဲ့ဘူး။ ငိုသံတွေနဲ့ မအိပ်စက်ခဲ့ရတဲ့ ညတွေဟာ၊ ဖန်စပ်စပ်မျက်လုံးတွေနဲ့ မနက်လင်းခဲ့ရတယ်။ တစ်လအတွင်းမှာ ခုနစ်ရက်၊ ခုနစ်လီပေါ့။

နို့ဆာရင်လည်း ငိုတယ်နော်။ နို့မထွက်ရင်လည်း ညံနေတာပဲ။ နို့သက်ရင်လည်း ခုနစ်သံချီပြန်သေးတယ်။ Diaper လှယ်လို့ အချိန်ကြာရင်တော့ ပြောစရာမလိုအောင် အာပြဲတော့တာပေါ့။ ဒါတွေဟာ သမီးလေးရဲ့သိခြင်းသင်္ကေတတွေပေါ့ကွာ။ နောက်ဆိုရင်တော့ ဒီထက်ပိုသိတော့မယ်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့တွေနဲ့ ဒီထက်ပိုပြီးထိတွေ့လာရင်၊ ဒီ့ထက်ပိုတဲ့ ၀ိညာဏ်တွေ ဖြစ်လာတော့မယ်။ ၀ိညာဏ်ဆိုတာ သိတတ်တဲ့ စိတ်သဘောကို ပြောတာပဲ။ “အာရုံ ယူဘိ၊ အသိသဘော၊ စိတ်မနောကို၊ ၀ိညာဏ် ဆို၏”တဲ့။ ဂမ္ဘီရကဗျာကျမ်းမှာ ဖတ်ခဲ့ဖူးတယ်။ အကြောက်ဆုံးက အဲဒါတွေပါ သမီးလေး။ သမီးလေးကို မွေးဖွားခဲ့ဖို့ မကောင်းဘူးဆိုတာဟာလည်း အဲဒါတွေကြောင့်ပါပဲ။

လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လောင်ကျွမ်းနေတဲ့လောကကြီးဆီ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပဲ သမီးလေးရောက်လာမှာကို မလိုလားပါဘူး။ လက်ရှိ ရှင်သန်နေကြတဲ့ လူတွေတောင် လောဘ၊ ဒေါသ၊ မောဟမီးတွေကို မငြှိမ်းသတ်နိုင်ကြသေးဘဲ နောက်ထပ်လောင်ကျွမ်းကြမယ့် မျိုးဆက်လေးတွေကို လူ့လောကထဲခေါ်နေကြတာကိုက မဖြစ်သင့်ဘူးလို့ တွေးနေမိတာ။ အခုဆိုရင် သမီးလေးကို ခေါ်ခဲ့မိတဲ့ လောကကြီးလည်း နာမကျန်းဘူးလေ။ လေတွေတောင် မစင်ကြယ်တော့လို့ လေစစ်တွေ သုံးနေရတဲ့အချိန်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်လောက်ကတော့ ဂေါတမဘုရားသခင်က သံဃာ့အဖွဲ့အစည်းအတွက် ပရိက္ခရာရှစ်ပါးစုံမှာရေစစ်ကို ပြဋ္ဌာန်းပေးခဲ့ဖူးတယ်။ သမီးလေးရောက်နေတဲ့ လူ့အဖွဲ့အစည်းမှာတော့ လေစစ်တွေက မပါမဖြစ်လေ။ ရေကိုစစ်သောက်ရာကနေ လေတောင်စစ်ရှူရတဲ့ခေတ်ကို ရောက်နေပြီပဲ။

ဒီလိုနာမကျန်းတဲ့လောကကြီးဆီ သမီးလေးကို ကျန်းကျန်းမာမာ လန်းလန်းဖြာဖြာ ရှိစေချင်နေတာ အကြောင်းနဲ့အကျိုး ညီညွတ်ရဲ့လား။ နာမကျန်းတဲ့လောကကြီးဆီ မိုက်မိုက်မဲမဲ ခေါ်ခဲ့မိတာကို အပြစ်ရှိတယ်လို့ ခံစားနေရတယ်။ တကယ်တော့ ဒါတွေဟာ ကံအကြောင်းတွေကြောင့် တန်ပြန်အကျိုးဖြစ်လာရတဲ့ ပဋ္ဌာနတွေပေါ့။ ပဋ္ဌာနဆိုကာမှ ပဋ္ဌာန်းတရားတော်ကို သတိရတယ်သမီး။ ဟေတုပစ္စယောတဲ့။ ဟေတုတွေရဲ့ ထောက်ပံ့တာကို ခံယူရတဲ့သဘောတွေပေါ့လေ။ ဟေတုဆိုတာ လောဘ၊ ဒေါသ၊ မောဟနဲ့ အလောဘ၊ အဒေါသ၊ အမောတွေပဲ။ လောကလူသားတွေအတွက်တော့ မူလအကြောင်းတရားတွေ မဟုတ်လား။

လေ့လာမိဖူးတဲ့ အဘိဓမ္မာမှာတော့ ဟေတုဆိုတာကို အမြစ်လို့ရှင်းပြထားတယ်။ သစ်ပင်ရဲ့အမြစ်တွေဟာ သစ်တစ်ပင်ကို မြေပေါ်မှာ ခိုင်ခိုင်မြဲမြဲရပ်တည်ဖို့ အကျိုးပြုတယ်။ လိုအပ်တဲ့မြေဆီရေဆီတွေကို ဆုပ်ယူပေးပို့ပြီး သစ်တစ်ပင်ကို ရှင်သန်နေစေဖို့ အကျိုးပြုတယ်။ ဒီတော့ သစ်တစ်ပင် မြဲမြံနေတာရယ်၊ သစ်တစ်ပင် ရှင်သန်နေတာရယ်ဟာ အမြစ်တွေကြောင့်ပေါ့။ ဒီလိုပါပဲ။ သစ်ပင်ကို သစ်ပင်ရဲ့အမြစ်တွေက အကျိုးပြုသလို၊ လူကိုလည်း လူ့ရဲ့ဟေတုတွေက အကျိုးပြုတယ်တဲ့။

ဒါပေမဲ့ အကျိုးပြုတဲ့ ဟေတုတွေက တစ်ခြမ်းပဲ့နေတော့ ခက်တယ်။ ဒါဟာ သူပါ၊ ကိုယ်မပါလို့ ယိုးစွပ်တာ မဟုတ်ပါဘူး။ သူသူ ကိုယ်ကိုယ်မှာပါ။ အဲဒီ သူသူကိုယ်ကိုယ်တွေက ဘယ်ဟေတုတွေအပေါ်မှာ အာရုံစိုက်ကြသလဲ။ ဘယ်ဟေတုတွေကို အဓိကထားကြသလဲ။ ဘာကိုပဲ စိုက်စိုက်။ စိုက်ရင်စိုက်တဲ့ ဟေတုတွေက ထောက်ပံ့မှာပဲပေါ့။ လောဘ၊ ဒေါသတွေအပေါ်မှာ အာရုံစိုက်ရင် အဲဒီအကုသိုလ်စိတ်တွေက အကုသိုလ်အလျောက် အကုသိုလ်ပဲထောက်ပံ့လိမ့်မယ်။ မဃဒေဝ လင်္ကာသစ်က ပြောသလို ပြောရမယ်ဆိုရင် “ဒေါသဟိတ်လွန်၊ ပြန့်ပွားဝှန်သော်၊ သတ္တန္တရ၊ ကပ်ကြီးကျ၍”ပေါ့။ ဒါပေမဲ့ ဒေါသတစ်ခုတည်းရယ်လို့တော့ မဟုတ်ဘူးပေါ့လေ။ လောဘတွေကြောင့်ပဲ ဖြစ်ဖြစ်၊ မောဟတွေ ကြောင့်ပဲဖြစ်ဖြစ်ကမ္ဘာကြီးမှာ ကပ်ငယ်၊ ကပ်ကြီးတွေ ခဏခဏကျနေတော့တာပဲ မဟုတ်လား။

တစ်ဦးနဲ့တစ်ဖွဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြတယ်။ စကားလုံးတွေနဲ့ စစ်ထိုးကြတယ်။ အမုန်းစကားတွေနဲ့ ဖျက်ဆီးကြတယ်။ တစ်ဦးရဲ့ရလိုမှုအတွက် တစ်ဦးရဲ့ပိုင်လိုမှုထဲကနေ ဖဲ့ယူကြတယ်။ အဲဒီလို ပြုမူဖို့တွေအတွက်လည်း လောကဝေါဟာရအရ အကြောင်းပြရမယ့် စကားလုံးတွေက အသင့်ရှိနေပြီးသားပါ။ ရပိုင်ခွင့်တဲ့။ လူ့အခွင့်အရေးတဲ့၊ အမျိုးသမီးအခွင့်အရေးတဲ့၊ ကျောင်းသား အခွင့်အရေးတဲ့၊ အလုပ်သမားအခွင့်အရေးတဲ့။ အမျိုးဘာသာတဲ့။ အမျိုးသားအကျိုးစီးပွားတဲ့။ ဝံသာနုရက္ခိတတဲ့။ လူမျိုးရေးတဲ့။ ဉာဏ်ပူဇော်ခတဲ့။ တန်ရာတန်ကြေးတဲ့။ ပညာကြေးတဲ့။ တန်ရာတန်ကြေးအမြတ်တဲ့။ ဒါမျိုးတွေ အများကြီးပေါ့။

ဘယ်လိုပဲများများပါ။ အားလုံးဟာ လောဘ၊ ဒေါသ၊ မောဟတွေကို အခြေခံထားကြတာတွေချည်းပါပဲ။ လမ်းဘေးကွမ်းယာဆိုင်လေးကအစ နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေအထိ။ ဖိနပ်ချုပ်သမားကစလို့၊ နည်းပညာကုမ္ပဏီကြီးတွေအထိ။ ခြံစောင့်ကစလို့ နိုင်ငံ့ဥသျှောင်ကြီးတွေအထိဟာ ဘယ်မှာလွတ်လို့လဲ။ အားလုံးဟာ အကြောင်းပြချက်ကိုယ်စီနဲ့ လောဘ၊ ဒေါသ၊ မောဟသုံးပါးကို မကင်းကြတာတွေချည်းပါပဲ။ လောဘအရင်းခံနဲ့ဂေါ်လီလုံးလုရင်း ရန်ဖြစ်တတ်ကြတာဟာ ရပ်ကွက်ထဲက ကလေးတွေမှ မဟုတ်ပါဘူး။ လူကြီးဆိုသူတွေလည်း လောဘအရင်းခံနဲ့ အာဏာလုရင်း ရန်ဖြစ်နေကြတာပဲ။ မူးယစ်ဆေးစွဲလို့ လူကြားသူကြားတောင်မရှောင် လုယက်နေကြတာဟာ ဆေးစွဲလူငယ်တွေချည်းမှ မဟုတ်တာ။ လူကြီးတွေလည်း အာဏာယစ်မူးပြီး နေရာလုနေကြတာပါပဲ။

တကယ်တော့ လောကကြီးမှာ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ တိဟိတ်တွေက နည်းနည်းနဲ့ကျဲကျဲရယ်ပါ။ အဲဒီထဲက တစ်ခုလျှော့တဲ့ ဒွိဟိတ်လည်း မဆိုစလောက်လေးပါပဲ။ အများအပြားကတော့ ဟိတ်တစ်ခုမှမပါတဲ့ အဟိတ်တွေက အများသား။ တိရစ္ဆာန်တွေရဲ့ ပဋိသန္ဓေစိတ်မှာ ဟိတ်တစ်ခုမှ မပါဘူးတဲ့လေ။ ဒါဆို ဒီလောကကြီး ကောင်းနိုင်ပါ့မလား။ တစ်ဦးရဲ့ဒေါသက တစ်ဦးကို လောင်ကျွမ်းစေတယ်။ တစ်ဦးရဲ့လောဘက တစ်ဦးကိုပျက်ပြုန်းစေမယ်။ တစ်ဦးရဲ့မောဟက တစ်ဦးရဲ့အကျိုးစီးပွားကို မမြင်နိုင်ခဲ့ဘူး။ ဒါဆိုရင် လောကကြီး ကောင်းနိုင်ပါ့မလား။ ထုတ်ကုန်ပစ္စည်းအတုတွေနဲ့ အကျိုးအမြတ်အများကြီးရချင်တဲ့ လောဘဟာ လူတွေကို အကျိုးစီးပွားမဲ့အောင် လုပ်ပစ်နေတာပဲ။ ငါ့အကျိုးစီးပွား၊ ငါ့လူမျိုး၊ ငါ့အတွေးအခေါ်၊ ငါ့ဝါဒစတဲ့ ငါ့ဒေါသတွေဟာ လူတွေကို အကျိုးပြုတာနည်းနည်းပါ။ လောကကို ဖျက်ဆီးပစ်နေတာက ပိုနေမှာပါ။

တကယ်တော့ မင်းဆော်ထက် ငါ့ဆော်ကပိုမိုက်တယ်ဆိုတာ စိုင်းစိုင်းခမ်းလှိုင်သီချင်းထဲမှာတင် မကပါဘူး။ ငါ့လောဘက သူ့လောဘထက် ပိုနည်းတယ်၊ ငါ့စိတ်ထားက သူ့စိတ်ထားထက်ပိုကောင်းတယ်၊ ငါ့ဝါဒက သူ့ဝါဒထက် ပိုမှန်တယ်ဆိုတာမျိုးတွေမှာလည်း လောဘတက်နေကြတာပါ။ ဒါပေမဲ့ လောကမှာ လောဘ၊ ဒေါသ၊ မောဟတွေက ကင်းလို့ မရနိုင်တော့ပါဘူး။ အဲဒါတွေဟာ သည်းခြေကြိုက်တဲ့ လောကသစ္စာဖြစ်နေပြီလေ။ သမီးလည်း လောကသစ္စာတွေကို ဆုပ်ကိုင်ပြီး ရှင်သန်ရတော့မှာပေါ့။ ဒေါသတွေနဲ့ ရန်ဖြစ်၊ လောဘတွေနဲ့ ပြန်ချစ်ကြရတော့မှာပေါ့။ ဒေါသတွေဆိုတာက စိုးရိမ်သောကတွေ ခံစားစေတယ်။ ဝမ်းနည်းငိုကြွေးတာတွေ ဖြစ်စေတယ်။ လောဘတွေနဲ့ ခင်တွယ်နေမယ်။ လောဘတွေကြောင့်ပဲ ပျော်ရွှင်ကြည်နူးနေလိမ့်မယ်။

လောကဓမ္မဆိုတာ ရှိတယ်သမီး။ ဒါကို လောကဓံလို့လည်း ခေါ်ကြတယ်။ ဒီလောကဓံတရားကို လူရယ်လို့ ဖြစ်လာကြရင် တွေ့ကြုံခံစားရမှာပဲ။ ကြွယ်ဝတာ၊ မကြွယ်ဝတာ၊ အခြံအရံကြီးတာ၊ အထီးကျန်တာ၊ ချီးမွမ်းခံ ရတာ၊ ကဲ့ရဲ့ခံရတာ၊ ချမ်းသာတာ၊ ဆင်းရဲတာတွေနဲ့ ကြုံရဆုံရရင်လည်း အဲဒီအပေါ်မှာ လောဘဖြစ်ကြရ၊ ဒေါသဖြစ်ကြရတာပဲ။ လောကဓမ္မဆိုတာ လောကဓမ္မဆိုတဲ့အတိုင်း လူတွေနဲ့တွဲပါလာတော့တာပါပဲ။ လောကဆိုတာ သက်ရှိသတ္တဝါအကုန်လုံးကို ရည်ညွှန်းပေမဲ့ လူအားလုံးကို အဓိကထားပြီး ပြောတာဖြစ်လို့ လောကဓမ္မဆိုတာ လူတွေရဲ့သဘောပေါ့သမီး။ လောကရှိရင် လောကသဘောရှိမယ်။ လူဖြစ်လာရင် လူသဘောကို ခံစားရလိမ့်မယ်။

သမီးကို လောကဓမ္မတွေ မခံစားစေချင်ဘူး။ လောဘ၊ ဒေါသ၊ မောဟတွေရဲ့ သားကောင် မဖြစ်စေချင်ဘူး။ အဲဒီစိတ်နဲ့ပဲ သမီးလေးကို မမွေးဖွားခဲ့ရင်ကောင်းမှာလို့ တွေးလိုက်မိတာ။