Time မဂ္ဂဇင်း၏ Next 100 Most Influential People စာရင်းတွင် ရပ်ရှ်ဖို့ဒ် ပါဝင်ပြီး မျက်နှာဖုံးတင် ဂုဏ်ပြုခံရ

Time မဂ္ဂဇင်း၏ Next 100 Most Influential People စာရင်းတွင် ရပ်ရှ်ဖို့ဒ် ပါဝင်ပြီး မျက်နှာဖုံးတင် ဂုဏ်ပြုခံရ
Photos: Getty Images & Time
Photos: Getty Images & Time
Published 19 February 2021

မန်ချက်စတာယူနိုက်တက်အသင်း၏ အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ကမ္ဘာကျော် Time မဂ္ဂဇင်း၏ အနာဂတ်တွင် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်စွမ်းရှိမည့် လူပုဂ္ဂိုလ် ၁ဝဝ (Next 100 Most Influential People) စာရင်းတွင်ပါဝင်ခဲ့ပြီး မျက်နှာဖုံးတင်ကာ ဂုဏ်ပြုခံခဲ့ရကြောင်း သိရသည်။

    

ရပ်ရှ်ဖို့ဒ်သည် COVID-19 ကာလအတွင်း အစိုးရက လုံလောက်စွာထောက်ပံ့နိုင်ခြင်းမရှိသည့် ကလေးငယ်များအတွက် ကျောင်းချိန်တွင်း အခမဲ့နေ့လယ်စာများကို လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဦးဆောင်ဖြည့်ဆည်းပေးခဲ့သူဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ဗြိတိန်ဘုရင်မကြီး၏ MBE ဘွဲ့ချီးမြင့်ခြင်းခံခဲ့ ရသူလည်းဖြစ်သည်။

ယခုအခါ Time  မဂ္ဂဇင်းကလည်း အနာဂတ်တွင် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်စွမ်းရှိမည့် လူပုဂ္ဂိုလ် (၁ဝဝ)စာရင်း ရွေးချယ်ရာတွင် ရပ်ရှ်ဖို့ဒ်ကို ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကွင်းတွင်းစွမ်းဆောင်ရည်အပြင် ဘောလုံးကွင်းပြင်ပလှုပ်ရှားမှုများကြောင့် ယင်းကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။



    

ရပ်ရှ်ဖို့ဒ်သည် ကျောင်းတက်ရက်များအပြင် ကျောင်းပိတ်ရက်များတွင်လည်း ဆာလောင်နေသည့် ကလေးငယ်များမရှိ စေရဆိုသည့် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပြီးနောက် ဗြိတိန် အစိုးရ၏ ပေါ်လစီအပြောင်းအလဲဖြစ်ပေါ်လာစေခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင်က ၎င်းထံ ဖုန်းခေါ်ဆို၍ ခရစ္စမတ်၊ အီစတာပွဲတော်၊ နွေရာသီ ကျောင်းပိတ်ရက်များတွင်ပါ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် အစားအသောက် ထောက်ပံ့မည့်အစီအစဉ်ကို ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။

ရပ်ရှ်ဖို့ဒ်က ဝန်ကြီးချုပ်၏ ကတိစကားမှာ မိမိဘဝတွင် ဂုဏ်ယူစရာအကောင်းဆုံး အခိုက်အတန့်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပြီး ၎င်း၏လုပ်ရပ်များမှာ ဗြိတိန်ပြည်သူများ၏ ချီးကျူးမှု ကိုလည်း ခံခဲ့ရသည်။

    

Time ၏ Next 100 Most Influential People စာရင်း တွင် လီယွန်နယ်မက်ဆီ၊ လီဘရွန်ဂျိမ်းစ်၊ ရော်ဂျာဖက်ဒါရာစသည့် အားကစားလောကမှ ထိပ်တန်းကစားသမားများ ယခင်က ပါဝင်ခဲ့ဖူးပြီး ရပ်ရှ်ဖို့ဒ်အနေဖြင့် ယင်းကစားသမားများ၏ ခြေရာကို နင်းနိုင်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent