မနက်ဖြန်ရဲ့ခရီး

မနက်ဖြန်ရဲ့ခရီး
Photo:ZawZawAung
Photo:ZawZawAung
Published 18 February 2021
ထက်ဝေအောင် (စစ်ကိုင်း)

မြန်မာနိုင်ငံရဲ့ ချစ်စဖွယ် မြစ်၊ ချောင်း၊ အင်းအိုင် တောတောင် အလှအပများကို လွန်စွာနှစ်သက်လှပါတယ်။ စိတ်လည်းအေးချမ်း ရပါတယ်။ ဘုရားကျောင်းကန် စေတီပုထိုးများ နေရာအနှံ့တည်ရှိခြင်းကလည်း ကြည်ညိုစရာ ရှိလှပါရဲ့။ ပုဂံဘုရားစေတီများနှင့် စစ်ကိုင်းတောင်ရိုးတစ်လျှောက် စေတီပုထိုးများက မြန်မာတွေ ဒါနမချို့တဲ့ပုံ၊ ချစ်စရာကောင်းပုံကို လှစ်ဟဖော်ပြနေသလိုပါပဲ။

မြန်မာ့စိတ်ရင်းက အဖြူထည်သက်သက် ရိုးသားလှပါတယ်။ အားနည်းနေသူကို ကူညီရိုင်းပင်းလိုစိတ်လည်း ရှိရဲ့။ မိဘကျေးဇူးကို သိတတ်ရိုသေကြပြီး ဆရာသမားများကို လေးစားကြသူများလည်း ဖြစ်ပါရဲ့။ အကြင်နာ၊ ကရုဏာမခေါင်းပါးစွာ မေတ္တာ၊ သစ္စာ ကြီးမားလှသူများဖြစ်ပြန်ပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်တူလေးစား၊ ငယ်သူကို သနားလေ့ရှိကြပါတယ်။ မြန်မာ့ရေမြေပေါ်ဝယ် လောကပါလတရားများ မခေါင်းပါးသရွေ့ ကပ်ကြီးသုံးပါး ဘေးဆိုးများမှ ကျော်လွှားနိုင်မယ်ဆိုတာ ယုံကြည်မိပါတယ်။

သည်မြေပေါ်မှာ နေထိုင်သူမို့လားမသိ။ စိတ်ဓာတ်ကောင်းတွေကို ချီးကျူးမိသလို၊ စိတ်ဓာတ် ညံ့ဖျင်းသူတွေနှင့်ကြုံရတိုင်း သင်ခန်းစာယူခွင့်ရခဲ့ပါတယ်။ လောကထုံးတမ်းအရ အကောင်းအဆိုး ဒွန်တွဲနေတတ်လွန်းလို့ မျက်စိမမှိတ်ခင် ကိုယ့်အမှားကိုယ်သိအောင် သင်ယူနေရဦးမည်သာ။ ဘဝက တိုတိုလေး မဟုတ်ပါလား။ ကျွန်တော်တို့မှာ မေတ္တာတရား ခေါင်းပါးလို့မဖြစ်ပေ။ မဖြစ်မနေလုပ် ဆောင်ဖွယ်လုပ်ငန်းများကို အကျိုးတစ်ဖက်တည်းကြည့်ကာ လုပ်ကိုင်လို့မရနိုင်ပေ။ကြိုးစားမှုအရှိန်ကိုတော့ မလျှော့ချပစ်လိုက်ပါနှင့်။ ကြိုးစားသူတိုင်းအတွက် ချန်ထားရစ်တဲ့ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဆိုသည့် ဆိုရိုးစကားက အမြဲသတိပေးနေသလို ခံစားရမှာပါ။ ကြိုးစားသူတိုင်းအတွက် ပုဂံကမဝေးကွာပေ။ သွားချင်စိတ်၊ ဇွဲရှိမယ်ဆို ခြေလျင်ခရီးပင် အရောက်သွားနိုင်ပုံကို မီးမောင်းထိုးပြထားခြင်းပင်။ ကြိုးစားမှုဆိုတာ နေရာတိုင်းမှာ တည်ရှိနေသင့်တဲ့ ပြယုဂ်တစ်ခုပဲ။ အားထုတ်မှုသာ လိုအပ်တာပါ။ ကြိုးစားအားထုတ်မှုမရှိလျှင် အရာအားလုံး မတိုးတက်နိုင်ပေ။ ပျင်းရိနှင့်ပျက်စီးခြင်းသည် ကျောချင်းကပ် မောင်နှမပင် မဟုတ်ပါလား။

ထို့အတူ စည်းလုံးခြင်းကလည်း စိတ်အေးချမ်းမှုနိမိတ်ပုံတစ်ခုလို ခံစားရပါတယ်။ အကြီးမားဆုံးခွန်အားဆိုရင်လည်း မမှားလှပေ။ စည်းလုံးညီညာ အောင်ကြောင်းဖြာ၊ စည်းလုံးခြင်းသည်အင်အား ဆိုစကားက အခိုင်အမာရှိပါရဲ့။ စိတ်ပျက်အားလျှော့လို သူတို့ရဲ့နှမ်းတစ်စေ့ဖြင့် ဆီဖြစ်ရိုးမရှိ၊ သဲတစ်ပွင့်ဖြင့် တိုက်တာအဆောက်အအုံဖြစ်ရန် မလွယ်ကူနိုင်ဆိုတဲ့  အတွေးအမြင်များကို အမြန်ဆုံးဖယ်ရှားနိုင်မှသာ တူညီသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အဆိုးမြင်စိတ်အခြေအနေက စိတ်ခံစားချက်ကို အားပျော့စေတယ်။ အောင်မြင်တိုးတက်ရေးကို အနှောင့်အယှက်ပေးတယ်။ အဆင်မပြေမှု၊ အခက်အခဲမျိုးစုံ ကြုံတွေ့နိုင်တယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့လာနိုင်တယ်။ မျှတမှုက အဆိုးမြင်စိတ်ကို လျှော့ပါးသက်သာစေတာ တွေ့ရတယ်။ မိသားစုတစ်စုမှာပဲ အရေးပေးခံရသူ၊ ဂရုစိုက်မခံရသူ ရှိနေမြဲ။ မျှတမှုက နေရာတိုင်း လိုအပ်နေတဲ့ သဘောတရားတစ်ခုပါပဲ။ ကျွန်တော်တို့ ရိုးသားကြည့်ကြရအောင်။ ဖက်တွယ်ထားတဲ့ ကြိုးတွေ ဖြုတ်ကြည့်မလား။ အစွဲတွေကို စိတ်ကထုတ်ပစ်မလား။ မျှတရင် သက်သာလာမှာ အမှန်ပါပဲ။

လောကဓံကို အရှုံးမပေးဖို့ လိုတာပေါ့။ အလုပ်မှာ အခက်ခဲမျိုးစုံကြုံရတိုင်း စိတ်မှာဒဏ်ရာမရဖို့ လေ့ကျင့်နေရမှာပဲ။ အကောင်းဆုံး မဖန်တီးနိုင်သည့်တိုင် အဆိုးဆုံးအခြေအနေ မရောက်အောင် ထိန်းသိမ်းရမှာပဲ။ စိတ်ကို အရှင်းဆုံးထားကြည့်လိုက်တိုင်း သဘာဝကျကျ လူ့သဘောထားများကိုသာ တွေ့ရပါတယ်။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သဘာဝထဲက မထွက်နိုင်ပေ။ မိမိ လုပ်ဆောင်စရာအလုပ် ပြီးမြောက်အောင် လုပ်ဆောင်ပြီး လူတောတိုးကြည့်မိတယ်။ ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးပြီးနောက်ပိုင်း အသက်တစ်နှစ်ကြီးတော့မှာဆိုတဲ့ အတွေးဝင်လာတယ်။ ပိုပြီးတော့လည်း တုန်လှုပ်လာတယ်။ သေမှာကြောက်လို့တော့ မဟုတ်ပေ။ သေခြင်းတရားက ရှိနေမှာပဲ။ မကြောက်လည်းသေ၊ ကြောက်လည်းသေရမှာပဲ။

၂၀၂၀ ပြည့်နှစ်မှာ ဘာတွေလုပ်ခဲ့သလဲ။ တရားမျှတခဲ့ရဲ့လား။ အပြစ်တွေများခဲ့သလား။ အကျိုးရှိရှိ နေထိုင်ခဲ့ရဲ့လား။ အမေးများနှင့် တုန်လှုပ်မိခြင်းသာ။ ဖြေသိမ့်စရာက ၂၀၁၉ ခုနှစ်ထက်ပိုပြီး အားရကျေနပ်စရာ ကောင်းတဲ့အလုပ်တွေ လုပ်နိုင်ခဲ့မိလို့ပါ။ အကုသိုလ်မဖြစ်အောင် နေကြည့်တဲ့အခါ ကိုယ်ရောစိတ်ပါ လန်းဆန်းနေတာတွေ့ရတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်နေတဲ့စိတ်ကို သရုပ်ခွဲလေ့လာကြည့်တိုင်း စိတ်မသက်သာစရာတွေသာ တွေ့ပါရဲ့။ ပျော်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖူးပါတယ်။ ပျော်စရာတွေလည်းရှိတယ်။ စိတ်လေလွင့်မှုတွေလည်းရှိတယ်။ အမှန်တကယ်တော့ ကိုယ့်ကိုယ်ကိုယ်မညှာဘဲ ပြောကြည့်၊ လုပ်ကြည့်တာလောက် ရိုးသားမှုကို ရှာမတွေ့နိုင်ခဲ့။ ငယ်စဉ်က ရှေ့နောက်မကြည့်လုပ်ခဲ့တဲ့ အလုပ်တွေတွေးမိတိုင်း နောင်တရမိတယ်။ နောက်မဖြစ်စေရဘူးပေါ့။ အပြစ်က အကြီးကြီးမဟုတ်ပေမဲ့ စိတ်ထဲစွဲနေတယ်။

စွဲနေတဲ့စိတ်ကို ပြင်နိုင်အောင် ပြင်ဆင်ဖို့ မျက်မှောက်အခြေအနေကို ကြည့်ရပြန်တယ်။ အမှားတွေက သင်ခန်းစာယူဖို့ပါပဲ။ စိတ်ကို ညှဉ်းပန်းနေမယ်ဆို မှားပြီးရင်းမှားနေမှာအမှန်ပါပဲ။ လွတ်မြောက်အောင် ကြိုးစားလိုစိတ်နဲ့ လုပ်ဆောင်ဖွယ်အလုပ်တွေ တစ်ခုချင်းလုပ်မိတယ်။ စိတ်ရှုပ်အောင်တော့ မလုပ်ခဲ့ဘူးပေါ့။ တစ်ခုပြီးမှ တစ်ခုလုပ်တယ်။ ယခင်က စိတ်ဇောကပ်ပြီး စုပြုံလုပ်ကိုင်တတ်တဲ့ အခြေအနေကို ကျော်လွှားနိုင်တာ ဝမ်းသာစရာပါ။ တစ်စုံတစ်ရာကို အာရုံစူးစိုက်နေချိန် အခြားအရာတွေ အာရုံမရောက်အောင် နေထိုင်ခဲ့ရတယ်။ စိတ်ထဲအမှိုက်တွေ နည်းလာလေ နေလို့ကောင်းလေပါပဲ။ မနက်ဖြန်အတွက် ပျော်စရာဘဝကို ကိုယ့်စိတ်နဲ့ ကိုယ်ဖန်တီးရမှန်းလည်း သိလာတယ်။ အမြတ်ထွက်တာပဲ။

အချို့နေရာတွေမှာ တန်ဖိုးတွေပျောက်ဆုံးသွားပေမယ့် ဖမ်းဆုပ်ဖို့မစဉ်းစားတော့ဘူး။ တန်ဖိုးထားသူ၊ တန်ဖိုးမထားသူတွေကို အပြစ်တင်မနေဘဲ စိတ်ကိုရှင်းအောင်နေ ကြည့်တယ်။ တစ်ဖက်ကလည်း မိမိအလုပ်ကို ဆက်လုပ်နေရပြန်တယ်။ ငြိမ်နေလို့မရတဲ့ ခေတ်ထဲလှုပ်နေရတာ အလေ့အထတစ်ခုလို အသားကျလာတယ်။ ရပ်တန့်နေလို့မရပေ။ အလုပ်ထဲမှာ ပျော်အောင်နေ၊ အာဟာရဖြစ်တဲ့ အစားအစာကိုစားပြီး မိသားစုဘဝကို ထူထောင်မယ်။ နှစ်ဟောင်း၊ နှစ်သစ်က အသက်ရှူသံ မရပ်တန့်သရွေ့ ကြုံနေရမယ့်ကာလတစ်ခုပါပဲ။ ပြန်မရနိုင်တဲ့အရာတွေကို ပြန်မတမ်းတတာက အကောင်းဆုံးပါလေ။

မျက်မှောက်ကာလ အကောင်းဆုံး ဆောင်ရွက်ချက်ဖြင့် စတင်ဖို့သာ ဆုံးဖြတ်မိတယ်။ အလှူဒါန မမေ့ရအောင် စိတ်ကိုကမ်းလှမ်းထားတယ်။ အသက်ရှူသံေတွေ တည်ငြိမ်ဖို့ စာတွေဖတ်မိတယ်။ မနက်ဖြန်ကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ စာတွေရေးတယ်။ စာမျက်နှာတွေလှပဖို့ အားဖြည့်ကူညီရာ ရောက်ခဲ့သလို စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ချက်ဆိုရင်လည်း မမှားခဲ့ပေ။ စာမျက်နှာတွေကို မကျဆုံးစေချင်ဘူး။ အွန်လိုင်းခေတ် စာဖတ်အား နည်းလာတာက အသိသာပင်။ ဘယ်နေရာကြည့်ကြည့် ဖုန်းကိုသာ ပွတ်ဆွဲရုန်းကန်နေတာ တွေ့လာရတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာ၊ ကားပေါ်မှာ၊ ရုံးထဲမှာ ဖုန်းတစ်ခေတ်ဖြစ်လာတယ်။ အန္တရာယ်အကင်းဆုံးက စာမျက်နှာနှင့် မျက်လုံးစေ့စပ်ပေးခြင်းပါပဲ။

တန်ဖိုးရှိတဲ့အချိန်ကို ကောင်းစွာအသုံးချခြင်းက ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ စာတွေဖတ်မှတ်ပြီး သိရတဲ့အသိလောက် ချိုမြိန်တဲ့ အရသာမရှိနိုင်ပေ။ စာရေးသူပြောဆိုလိုတဲ့ မြစ်ကမ်းနဘေး ရောက်သွားသလို၊ မြို့လေးတစ်မြို့ ရောက်သွားခဲ့သလို ရင်းနှီးခွင့်ရသွားနိုင်တယ်။ ဓမ္မသဘောတရားအနီး ချဉ်းကပ်နိုင်တယ်။ ဉာဏ်နှင့်ယှဉ်သော အသိနှင့်ထပ်တူသတိထား အမှားနည်းအောင် ဆောင်ရွက်လာနိုင်တာကိုလည်း တွေ့ရနိုင်တယ်။ လက်ကျန်ရာသီကို ဖြတ်သန်းဖို့ခွန်အားက လိုအပ်နေမှာ အမှန်ပင်။ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထ ထူမတ်မှသာ မတ်မတ်ရပ်နိုင်မှာပါ။ စီးပွားရေး၊ လူမှုရေးကဏ္ဍတိုင်းအတွက် နားမျက်စိတွေဖွင့်ပြီး သတိနဲ့ဆောင်ရွက်မှသာ အမှားနည်းမှာဖြစ်ပါတယ်။ ကြုံတွေ့လာရမယ့် စာမေးပွဲများစွာကိုလည်း စွမ်းနိုင်သမျှဖြေဆိုမှသာ အောင်မှတ်ရမှာဖြစ်ပါတယ်။ ကာလတစ်ခု၊ နှစ်သစ်အစ စိတ်အားထက်ထက်၊ တန်ဖိုးရှိရှိ၊ ကြိုးကြိုးစားစားဆောင်ရွက်နိုင်မည့် နှစ်တစ်နှစ်ဟု ယုံကြည်မှုရှိမှသာ မင်္ဂလာရှိသောအတွေးဖြစ်ပါတယ်။ ယုံကြည်မှုက ဘဝကို ပြောင်းလဲစေသလို အိပ်မက်ကိုလည်း ထုဆစ်နိုင်တာတွေ့ရတယ်။ မနက်ဖြန်ဆိုတာ ကောင်းတာတွေလုပ်ဖို့ပါပဲ။