မိတ္ထီလာမြို့ မြို့မရပ်ကွက်တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး လက်လုပ်မိုင်းသဏ္ဌာန် လုပ်ဆောင်ထားသည့် ဓာတ်ခဲ၊ ဝိုင်ယာကြိုးတို့ ပါဝင်သော တိပ်ပတ်အိတ်တစ်လုံးတွေ့ရှိ

မိတ္ထီလာမြို့ မြို့မရပ်ကွက်တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ပြီး လက်လုပ်မိုင်းသဏ္ဌာန် လုပ်ဆောင်ထားသည့် ဓာတ်ခဲ၊ ဝိုင်ယာကြိုးတို့ ပါဝင်သော တိပ်ပတ်အိတ်တစ်လုံးတွေ့ရှိ
လက်လုပ်မိုင်းသဏ္ဌာန် လုပ်ဆောင်ထားသည့်အရာကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်
လက်လုပ်မိုင်းသဏ္ဌာန် လုပ်ဆောင်ထားသည့်အရာကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်
Published 17 February 2021
ဝဏ္ဏ (မိတ္ထီလာ)

ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၅ နာရီခန့်က မိတ္ထီလာမြို့ မြို့မရပ်ကွက် စာတိုက်လမ်းအတွင်းထောင့်တွင်  ဓာတ်ခဲ၊ ဝိုင်ယာကြိုးတို့ ပေါ်လွင်နေကာ တိပ်ပတ်လျက် လွှင့်ပစ်ထား ရှိခဲ့သောအိတ်တစ်လုံးအား တွေ့ရှိခဲ့ရာ လက်လုပ်ဗုံးဟုယူဆသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ရှင်းလင်းကြည့်ရှုခဲ့ရာ ပြည်သူများအထိတ်တလန့်ဖြစ်စေရန် လက်လုပ်မိုင်းသဏ္ဌာန် ရည်ရွယ်လုပ်ဆောင်ထားသော အိတ်တစ်လုံးဖြစ်ကြောင်း သတင်းရရှိသည်။

“ စတွေ့တဲ့လူက အဲဒီနားမှာ ပုလင်းကွဲ တွေတွေ့တယ်။ အဲဒီပုလင်းကွဲတွေကို ရှောင်ရင်းနဲ့ အဲဒီအိတ်ကိုတွေ့တာ။ အဲဒါနဲ့ လှမ်းအကြောင်းကြားတာနဲ့ သဲအိတ်ကာတာတွေ၊ မြေဖို့တာတွေလုပ်ပြီး ခဏနေ တပ်မတော်ဘီအီး တပ်ကိုလှမ်းခေါ်လိုက်ရတယ်။ စက္ကူလိပ်လေးကို အပေါ်ကပတ်ထားတာပဲရှိပါတယ်။ အပေါ်မှာတော့ ဝိုင်ယာကြိုးနဲ့ တိပ်တွေပတ်ထားတာ တွေ့ရတယ်။ အမှုဖွင့်ထားတာတော့ မရှိသေးဘူး။ လုပ်သူရဲ့ ရည်ရွယ်ချက်ကို မသိနိုင် ပေမယ့် ပြည်သူလူထု ထိတ်လန့်အောင်လုပ်တဲ့ သဘောရှိတယ်” ဟု မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းက ပြောကြားသည်။

“ ဒီနေ့ မနက် ၅ နာရီခွဲကျော်ကျော်လောက်က ဘဏ်လုံခြုံရေးအစောင့်က အဲဒီနားကဖြတ်ပြီး သူ့အစ်ကိုကို သွားနှိုးတာ၊ သူ့အစ်ကိုက ကားပစ္စည်းဆိုင်လမ်းကြားမှာ နေတာ၊ အသွားတုန်းကတော့ အဲဒီအိတ်ကို မတွေ့ခဲ့ဘူးပြောတယ်။ သူ့အစ်ကို နှိုးပြီးအပြန်မှာ အထုပ်လေးတွေ့တော့ အမှတ် (၂) စခန်းကို လှမ်းအကြောင်း ကြားတယ်။ အမှတ် (၂) စခန်းက နေရာမှားပြီး စာတိုက်နားသွားရှာတယ်။ အဲဒါနဲ့ ကျွန်တော်ကို အမှတ် (၁) စခန်းရဲတွေက လာနှိုးပြီးသွားကြည့်တယ်။ အဲဒါနဲ့ ဗုံးနဲ့တူလို့ ကျွန်တော်တို့လည်း မကပ်ရဲဘူး။ သဲအိတ်တွေ ဘာတွေကာ ပြီးတော့ သက်ဆိုင်ရာကို ထပ်အကြောင်းကြားတယ်။ ရဲတွေ အကုန်ရောက်လာတယ်။ မိတ္ထီလာရဲတပ်ဖွဲ့က မြို့နယ်မှူးရော၊ ခရိုင်မှူးရော လာကြည့်ပြီး ခရိုင်မှူးက စစ်တပ်ကို လှမ်းအကြောင်းကြားတယ်။ စစ်တပ်က ဗုံးရှင်းတဲ့ အဖွဲ့ရောက်လာပြီး ဗုံးကလူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့ဗုံးပါ။ အစစ်မဟုတ်ပါဘူးဆိုပြီး စစ်တပ်ကသိမ်းသွားတယ်။ မနက် ၅ နာရီကျော်လောက်ကတွေ့တာ ၆ နာရီကျော်လောက်ကျ အားလုံးပြီးသွားတယ်။ ဗုံးလို့ထင်ရတဲ့ဟာကိုတွေ့တဲ့နေရာက ဘူတာလမ်းနဲ့ စာတိုက်လမ်းထောင့်က အရင်အမှိုက်ပုံနေရာကြီး၊ အခုဟာကအမှိုက်ပုံမရှိတော့ လမ်းပေါ်မှာ ရှင်းရှင်းကြီးဖြစ်နေတာ။ ဒီအတိုင်းလမ်းပေါ်မှာ ပစ်ထားတာ။ တိပ်တွေနဲ့လည်း ပိတ်ထားတယ်။ အေအေဓာတ်ခဲ နှစ်လုံးလည်းပါတယ်၊ ဝိုင်ယာကြိုးလေးတွေလည်း ပါတယ်၊ ဟိုဘက်ထိပ် ဒီဘက်ထိပ်ပိတ်ထားတော့ ယမ်းပုံစံမျိုးတွေဖြစ်နေတယ်။ အမှတ်တမဲ့ကြည့်ရင်တော့ တစ်ပုံစံတည်းပါပဲ။ အထဲထဲမှာတော့ ဘာမှမပါဘူး၊ စက္ကူတွေပဲ ပါတယ်၊ အတုပေါ့။ ကျွန်တော်ထင်တာကတော့ ပြည်သူအထိတ်တလန့်ဖြစ်အောင်လုပ်သွားတဲ့ ပုံစံပါပဲ။ တစ်ခါမှလည်း ရပ်ကွက်ထဲမှာ ဒါမျိုးမကြုံဖူးဘူး။ တမင်အထိတ်တလန့်ဖြစ်အောင် လုပ်သွားတယ်ထင်ပါတယ်” ဟု မိတ္ထီလာမြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဦးက ပြောကြားသည်။

၂၀၁၄ ခုနှစ်ကလည်း မိတ္ထီလာမြို့စျေး အရှေ့ပြင်ရပ်ကွက် ရေစင်အနီးထရန်စဖာမာအိုးတွင် တိပ်ပတ်ထားကာ အိတ်အမည်းတစ်လုံး ချိတ်ထားခဲ့သဖြင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ လာရောက်ရှင်းလင်းခဲ့ရာ အများပြည်သူ ထိတ်လန့်စေရန် ရည်ရွယ်လုပ်ဆောင်ထားသောအိတ်တစ်လုံး ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

Most Read

Most Recent