သမိုင်းဝင် ပြက္ခရွေတောင်စေတီတော်သို့ တောင်တက်ခရီးစဉ်

သမိုင်းဝင် ပြက္ခရွေတောင်စေတီတော်သို့ တောင်တက်ခရီးစဉ်
Published 14 February 2021
ကိုထိုက် (ခင်ဦး)

ကိုဗစ်ကာလ တစ်လျှောက် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွင်း တစ်နှစ်နီးပါး ခရီးသွားလာခြင်းတွေရပ်ခဲ့ရပြီး မိမိတို့နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်တွေမှာပဲ လော့ခ်ဒေါင်းနေခဲ့ကြရတာပါ။ အဲဒီကာလအတွင်း စိတ်ဆင်းရဲခြင်း၊ လူပင်ပန်းခြင်းများစွာနဲ့ ငြီးငွေ့စွာ ဖြတ်သန်းခဲ့ကြရပါတယ်။ အခုလို ပိုးတွေ့လူနာ လျော့ကျတဲ့အခါ မိမိတို့ အနီးပတ်ဝန်းကျင် လူသူအရောက်အပေါက်နည်းပါးတဲ့ တောင်တက်ခရီးစဉ်လေးကို စိတ်တူကိုယ်တူ အပျော်တမ်းတောင်တက်ဝါသနာရှင် ညီအစ်ကိုမောင်နှမတွေ စုပေါင်းပြီး မန္တလေးမှတစ်ဆင့် စီစဉ်ခရီးဆက်ခဲ့ဖြစ်တယ်။

ခရီးစဉ်လေး မပြောပြခင်သွားဖြစ်တဲ့ ပြက္ခရွေတောင်ဆိုတဲ့ သမိုင်းဝင်တောင် အကြောင်းလေး အကျဉ်းချုံးလေး ရှင်းပြပါရစေ။ မြန်မာနိုင်ငံအလယ် ဗဟိုချက်မနေရာအဖြစ် မှတ်တမ်းတင်ထားခြင်းခံရသော ပြက္ခရွေတောင်ဟာ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့အနီးရှိ မြသုခကျေးရွာအနီးမှာ တည်ရှိပါတယ်။ ပြက်တောင်နဲ့ ခရွေတောင် နှစ်လုံးပေါင်းစည်းထားပြီး ပြက္ခရွေတောင်အဖြစ် ခေါ်တွင်ပါတယ်။ ဒေသခံများကလည်း အရှေ့တောင်နဲ့အနောက်တောင်လို့လည်း ဆိုစမှတ်ပြုကြပါတယ်။ ဒါက သူရဲ့ တည်နေရာလေးပြောပြတာပါ။

အနောက်ပြက္ခရွေတောင်ဟာ အမြင့် ပေ ၃၆၀၁ ပေရှိပြီး တောင်ခြေ မောနားကျောင်းတော်အထိ ကားလမ်းပေါက်ပါတယ်။ 

ဒီခရီးစဉ်လေးကို စိတ်တူကိုယ်တူ အပျော်တမ်းတောင်တက် ညီအစ်ကိုမောင်နှမတွေ စုပေါင်းပြီး အစီအစဉ်လေးတစ်ခု ဆွဲဖြစ်ခဲ့တယ်။ ခရီးစဉ်အစကို မန္တလေးမှ မနက် ၆ နာရီခွဲလောက်မှာ စတင်ခဲ့ပါတယ်။  မြစ်သားလမ်းခွဲကို ၇ နာရီ ၄၅ မိနစ်မှာ ရောက်ရှိပြီး မောနားတောင်ခြေကို ၈ နာရီ မိနစ် ၂၀ မှာ ရောက်ရှိခဲ့ပါတယ်။ စနေနေ့ရုံး ပိတ်ရက်ဖြစ်တဲ့အတွက် ဘုရားဖူးတောင် တက်လာကြတဲ့ မိဘပြည်သူအများစုကိုလည်း တွေ့ရှိခဲ့ပါတယ်။ အခုနောက်ပိုင်း တောင်တက်ဘုရားဖူးပြည်သူ များပြားလာတဲ့အလျောက် အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ထမင်းဆိုင်များ၊ အအေးဆိုင်များ ရောင်းချလာတာကို တွေ့မြင်နိုင်ပါတယ်။ ကျွန်တော်တို့အဖွဲဟာ ပြင်ဆင်မှုများခဏတာ ပြုလုပ်ပြီး တောင်ပေါ်ကို စတင်တက်ခဲ့ပါတယ်။

စတက်တက်ချင်း လမ်းခွဲလေးတစ်ခုကို တွေ့မြင်ရပြီး ပြက္ခရွေ အနောက်တောင်သွားရာလမ်းကို စတင်တက်ရောက်ခဲ့ပါတယ်။ ကားထားရာနေရာမှ ပြက္ခရွေစွယ်တော် မြတ်စေတီရောက်ဖို့ရာ တောင်ကိုးလုံး ဖြတ်သန်းရမှာဖြစ်ပါတယ်။ စတက်တက်ချင်း မတ်စောက်တဲ့ တောင်ကုန်းများအပေါ်တက်ရင်း လှပငေးမောဖွယ်ရာ ရှုခင်းများကို တစ်ဝကြီး မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ အရင်က ဘုရားဖူးတောင်တက်တာ နည်းပါးပေမဲ့ အခုနောက်ပိုင်း ကလေး လူကြီးမကျန် မိသားစုလိုက် ပျော်ပျော်ပါးပါး တက်ရောက်တာ တွေ့မြင်ရပါတယ်။ လမ်းတစ်လျှောက်မှာ နားနေဖို့ နားနေဆောင် နှစ်နေရာရှိပါတယ်။ တောင်တက်ခရီးစဉ် နှစ်နာရီခွဲခန့် ကြာပြီးနောက် ပဥ္စမမြောက်စွယ်တော် တည်ရှိရာ ပြက္ခရွေတောင်ထိပ်သို့ ရောက်ရှိခဲ့ပါတယ်။ တောင်ပေါ်မှ မြင်တွေ့ရတဲ့ ရှုခင်းတွေကလည်း တစ်သက်မမေ့နိုင်စရာအလွန် လှပလွန်းပါတယ်။ ရောက်ရောက်ချင်း စွယ်တော်မြတ်စေတီကို ရှိခိုးဦးခိုက်ပြီး တောင်တော်သြဝါဒါစရိယဆရာတော်အား ဝင်ရောက်ဖူးမြော်ပြီး သင်္ကန်းနဲ့ ဝတ္ထုငွေများကိုလည်း တတ်အားသရွေ့လှူဒါန်းခဲ့ပါတယ်။

ရင်ပြင်တော်ရှိ နားနေဆောင်များမှာလည်း ကိုယ့်အဖွဲ့နဲ့ကိုယ် ပါလာတဲ့ ထမင်းဟင်းများကို ၀ိုင်းဖွဲ့စားသောက်နေကြတာကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။ တစ်ခဏတာနားနေပြီး ရင်ပြင်တော်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ မြန်မာနိုင်ငံ အလယ်ဗဟိုဌာန ကျောက်တိုင်မှာ အဖွဲ့လိုက်အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက် ပြက္ခရွေတောင်စွယ်တော်မြတ် စေတီတော်ကြီးမှ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် ပြန်ဆင်းခဲ့ကြပါတယ်။ အဆင်းလမ်းဟာ အတက်လောက် မမောပန်းပေမဲ့ မိမိကိုယ်ခန္ဓာကို ထိန်းဆင်းရတဲ့အတွက်အနည်းငယ် ဂရုစိုက်ဆင်းခဲ့ရပါတယ်။

လမ်းတစ်လျှောက်မှာ တောင်ပေါ်မှာ ညအိပ်မယ့်အဖွဲ့တွေလည်း ဆုံတွေ့ခဲ့ပါသေးတယ်။ နှစ်နာရီလောက်ဆင်းပြီးအကြာ ညနေ ၄ နာရီခွဲလောက်မှာ ကားထားရာ မောနားတောင်ခြေကို ရောက်ရှိခဲ့ပါတယ်။ ထိုမှတစ်ဆင့် အပြန်လမ်းခရီးကို စတင်ကာ ကျောက်ဆည်မှာ ခဏတာထမင်းစားပြီး မန္တလေးသို့ ခရီးဆက်ခဲ့ပါတော့တယ်။