“လူ” ဆိုသောအဓိပ္ပာယ်

“လူ” ဆိုသောအဓိပ္ပာယ်
အာဏာရှင်အလိုမရှိ ဆန္ဒထုတ်ဖော်နေသူများကို ရန်ကုန်မြို့လယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်
အာဏာရှင်အလိုမရှိ ဆန္ဒထုတ်ဖော်နေသူများကို ရန်ကုန်မြို့လယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်
Published 14 February 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

မိမိတို့ငယ်စဉ်အခါ လူကြီး၊ မိဘ၊ ဆရာသမားများက ဆုံးမသြဝါဒ စကားပြောကြားရာတွင် “ပခုံးနှစ်ဖက်အကြား ခေါင်းရှိနေတိုင်း၊ ခေါင်းထွက်နေတိုင်း လူလို့ခေါ်ဆိုတာ မဟုတ်ဘူးကွ။ လူမှန်ရင်လူလို အသိဉာဏ်ပညာရှိပြီး ကိုယ်ကျင့်သီလ သို့မဟုတ် ကိုယ်ကျင့်တရားရှိမှ လူလို့ခေါ်တယ်” ဟုပြောဆို ဆုံးမလေ့ရှိကြသည်။

သို့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အထက်ဖော်ပြပါအချက်အရ ‘ပခုံးနှစ်ဖက်အကြား ခေါင်းရှိနေလျှင်လူ’ အဖြစ် သတ်မှတ်ထားရှိရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောတရားကွဲပြားနေခြင်းကြောင့် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိနိုင်သည်ကို လေ့လာရာတွင် စာရေးသူ၏ ကိုယ်ပိုင်အသိအမြင်များကို အခြေခံ၍ တင်ပြမည် ဖြစ်သည်။

စာရေးသူသည် စာရင်းအင်းပညာဘာသာရပ်ကို အခြေခံပြီး တိုင်းပြည်၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာတင်ပြလျက်ရှိရာတွင် မိမိတို့တိုင်းပြည်နိုင်ငံရှိ ပြည်သူပြည်သား လူအများက ယုံကြည်လက်ခံထားရှိသည့် လူဆိုသောအဓိပ္ပာယ်သည် ကျန်ကမ္ဘာပေါ်ရှိနိုင်ငံများ အထူးသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် လွှမ်းမိုးလျက်ရှိသည့် အနောက်နိုင်ငံများ၏ သဘောသဘာဝနှင့် များစွာကွာခြားလျက် ရှိနေသည်ကို တွေ့ရှိနေရသည်။

အထက်ဖော်ပြပါအချက်သည် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရာတွင် အသက်တစ်မျှ အရေးကြီးသည့် အခြေအနေများ ဖြစ်ပေါ်စေခဲ့သည့်အတွက် စာရေးသူ၏ တွေ့ရှိ၊ သိမြင်၊ ကြုံတွေ့ခဲ့ရသည့် အချက်များကို အခြေခံကာ အတွေးအမြင်များကို စုစည်းပြီး ယခုဆောင်းပါးဖြင့် ရေးသားတင်ပြရခြင်း ဖြစ်သည်။

ပထမဦးစွာ စာရေးသူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရ လူကြီး၊ မိဘ၊ ဆရာသမားများ၏ ငယ်ရွယ်သူများ၊ တပည့်အရင်းများအပေါ်တွင် လိမ္မာယဉ်ကျေးလိုသည့်၊ ကြီးပွားချမ်းသာစေလိုသည့် စေတနာအရင်းခံဖြင့် ဆုံးမတတ်သည့် သဘာဝအနေအထားက စတင်လိုသည်။ မိမိတို့၏သားသမီး သို့မဟုတ် ရင်းနှီးသောတပည့်များကို ဆိုဆုံးမရာတွင် လူနှင့်တိရစ္ဆာန်ကွာခြားချက်ကို အခြေခံလေ့ရှိကြပါသည်။ အဓိပ္ပာယ်မှာ မိမိတို့၏သားသမီး၊ တပည့်များကို တိရစ္ဆာန်များကဲ့သို့ မရိုင်းစိုင်းစေလိုသည့်အတွက် ဖြစ်သည်။

လူကြီး၊ မိဘ၊ ဆရာသမားများ၏ ပြောဆိုဆုံးမချက်များအရ လူသည် တိရစ္ဆာန်များထက် ထူးခြားသာလွန်သည့် အချက်များမှာ အကြမ်းအားဖြင့် (က) အကြောင်းနှင့်အကျိုးကို သိရှိဆင်ခြင်နိုင်စွမ်းရှိခြင်း၊ (ခ) ကိုယ်ကျင့်သီလ သို့မဟုတ် ကိုယ်ကျင့်တရားကို ဆင်ခြင်ထိန်းသိမ်းနိုင်စွမ်းရှိခြင်းနှင့် (ဂ) အလှအပမျိုးစုံကို သိရှိခံစားနိုင်စွမ်းရှိခြင်း တို့ဖြစ်သည်ဟု ကြားသိခဲ့ရသည်။ အထက်ဖော်ပြပါ အရည်အချင်းများမရှိခဲ့ပါမူ လူသည် တိရစ္ဆာန်နှင့်မခြားဟု မှတ်ယူရမည်ဖြစ်ကြောင်း သတိပေးပြောကြားသည့် အချက်ကိုလည်း မှတ်သားခဲ့ရပါသည်။

အထက်ဖော်ပြပါအချက်များသည် မိမိတို့ လူ့အဖွဲ့အစည်းအပေါ်တွင် လွှမ်းမိုးချယ်လှယ်စေလျက်ရှိရာ မိမိတို့ လူ့အဖွဲ့အစည်းအနေဖြင့် လူတို့၏အရည်အချင်း သို့မဟုတ် အရည်အသွေးကို တိုင်းတာသည့်ပေတံအဖြစ် တိုင်းတာခံရမည့် အခြေအနေသို့ ရောက်ရှိခဲ့ရာတွင် လူ့အဖွဲ့အစည်းကို တိုးတက်ဖွံ့ဖြိုးစေရန် စွမ်းစွမ်းတမံဆောင်ရွက်နိုင်စေမည့် တစ်နည်းအားဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်စေမည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်အတွက် အဟန့်အတား၊ အခက်အခဲများစွာကို ဖြစ်ပေါ်လာစေခဲ့သည်။  ထို့ပြင် အဆိုပါလူ့အဖွဲ့အစည်း၏ စံသတ်မှတ်ချက်သည် ဖော်ပြပါအချက်သုံးချက်စလုံးကို ပြည့်စုံသည့် လူပုဂ္ဂိုလ်ဖြစ်မှသာလျှင် သိက္ခာရှိသည့် အကြီးအကဲ၊ အကြီးအမှူး၊ အုပ်ချုပ်သူ၊ ခေါင်းဆောင်အဖြစ် သတ်မှတ်လေ့ရှိရာ လူပုဂ္ဂိုလ်အဖြစ် အသက်ရှင်နေထိုင် ရပ်တည်ရသူများအဖို့ မဖြစ်နိုင်သည့် အနေအထားတစ်ရပ်ဆီသို့ ရောက်ရှိသွားပါသည်။

စာရေးသူအနေဖြင့် စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် တင်ပြပါမည်။ အထက်တွင် ဖော်ပြထားရှိသည့် အရည်အချင်း (က) ဖြစ်သည့် အကြောင်းနှင့်အကျိုးကို သိမြင်နိုင်စွမ်းရှိသူတစ်ဦးသည် တိုင်းပြည်နိုင်ငံတော် ဖွံ့ဖြိုးစေရန် အစွမ်းကုန်ဆောင်ရွက်နိုင်စွမ်း ရှိနိုင်မည်ဖြစ်သော်လည်း (ခ) အချက်ဖြစ်သည့် ကိုယ်ကျင့်သီလ သို့မဟုတ် ကိုယ်ကျင့်တရားကို အစွမ်းကုန် အမြင့်မားဆုံး ထိန်းသိမ်းနိုင်စွမ်း ရှိမည့်လူပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ခက်ခဲမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ (ဂ) အချက်ဖြစ်သည့် အလှအပမျိုးစုံကို သိရှိခံစားနိုင်စွမ်းတွင် ထူးချွန်သည့် လူပုဂ္ဂိုလ်ဖြစ်ရန်လည်း ခက်ခဲမည်ဖြစ်ပါသည်။  သာမန်လူသား ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အရည်အချင်းသုံးမျိုးစလုံး အမြင့်မားဆုံးအဆင့်တွင် ပြည့်စုံနေစေရန်၊ တည်ရှိနေစေရန် မဖြစ်နိုင်သည့် အနေအထားဖြစ်ပါသည်။  ထို့ပြင် ဖော်ပြပါအရည်အချင်းများ၏ တစ်ခုနှင့်တစ်ခု အရေးကြီးပုံကို အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအရ အဆင့်ခွဲခြားသတ်မှတ်ထားရှိခြင်း မရှိပါသဖြင့် လူတိုင်းအား အရည်အချင်းတစ်ခု အားနည်းသည်နှင့် မလေးစားထိုက်သည့် ပုဂ္ဂိုလ်၊ အရည်အချင်းမရှိသည့် ပုဂ္ဂိုလ်၊ လူရာမဝင်သည့် ပုဂ္ဂိုလ်အဖြစ် ပြစ်တင်ရှုတ်ချရန် ကြိုးစားသည့် အခြေအနေကို တွန်းပို့သကဲ့သို့ ဖြစ်ပေါ်နေပါသည်။

လူ့အဖွဲ့အစည်း၏ စံသတ်မှတ်ချက်ကို အလျှော့အတင်းပြုလုပ်နိုင်မှု အားနည်းခြင်း သို့မဟုတ် မရှိခြင်းသည်လည်း အထက်ဖော်ပြပါအချက်များအရ ဆိုးကျိုးဖြစ်ပေါ်လာစေရန် တွန်းအားပေးသည့် အခြေအနေအဖြစ် ရောက်ရှိလာစေခဲ့ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးသည် အရည်အချင်းတစ်ခုတွင် ထူးချွန်ထက်မြက်နေခဲ့ပါလျှင် အဆိုပါပုဂ္ဂိုလ်အား ချီးကျူးဂုဏ်ပြုနိုင်စေရန် ကြိုးစားအားထုတ်ခြင်းထက် အဆိုပါပုဂ္ဂိုလ် အားနည်းသည့်အရည်အချင်းကို ထောက်ပြပြောဆိုကာ အပြစ်တင်ရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် လက်နက်အဖြစ် အသုံးပြုကြသည်။ ထိုသို့သော ယဉ်ကျေးမှုသည် လူတစ်ဦးနှင့်တစ်ဦး လေးစားတန်ဖိုးထားမှု၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းများကို ထိခိုက်ကျဆင်းစေပြီး တိုင်းပြည် နိုင်ငံတော်မှာ ဆိုးရွားသည့်သံသရာမှ ရုန်းထွက်နိုင်ရန် ခက်ခဲသည့် အခြေအနေတွင် တည်ရှိနေခဲ့သည်။

အထက်ဖော်ပြပါ လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုမရှိဘဲ အတိအကျ တိုင်းတာသတ်မှတ်နိုင်ရန် ခက်ခဲသည့် စံချိန်၊ စံညွှန်း၊ စံနှုန်းများကို အခြေခံကာ ရေးဆွဲပြဋ္ဌာန်းခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ဖွဲ့စည်းပုံမပါရှိဘဲ အုပ်ချုပ်ခဲ့ကြသည့် အုပ်ချုပ်ရေးစနစ်များသည် ဆယ်နှစ်ကျော်အချိန်ကြာသည့်အခါ အားနည်းခြင်း၊ ယိုယွင်းခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်စေခဲ့သည်။

စာရေးသူအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံတွင် ရေးဆွဲပြဋ္ဌာန်းခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ဖွဲ့စည်းပုံမပါရှိဘဲ အုပ်ချုပ်ခဲ့ကြသည့် အုပ်ချုပ်ရေးစနစ်များကို အထက်ဖော်ပြပါ လူ့အဖွဲ့အစည်း၏ သဘောသဘာဝနှင့် တိုင်းတာသတ်မှတ်နိုင်ရန် ခက်ခဲသည့် စံချိန်၊ စံညွှန်း၊ စံနှုန်းများကို အခြေခံခဲ့ကြသည့်အတွက် အကျိုးဆက်များ ဖြစ်ပေါ်ခဲ့ရသည်ကို စာရေးသူ၏ ကိုယ်ပိုင်အမြင်ဖြင့် လေ့လာတင်ပြပါမည်။

မိမိတို့ တိုင်းပြည်နိုင်ငံ ခေါင်းဆောင်များ ရေးဆွဲပြဋ္ဌာန်းခဲ့ကြသည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၁ နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာစေကာ ၁၉၆၂ ခုနှစ်တွင် အပြီးတိုင် ဖျက်သိမ်းသည့်အဆင့်သို့ ရောက်ရှိစေခဲ့သည်။ စာရေးသူသည် ၁၉၆၁ ခုနှစ်တွင် မွေးဖွားသူဖြစ်သဖြင့် အဆိုပါဖြစ်ရပ်ကို သမိုင်းအထောက်အထားများတွင် တွေ့ရှိချက်အနေဖြင့်သာ တင်ပြနိုင်ပါသည်။

၁၉၆၂ ခုနှစ်မှ ၁၉၇၃ ခုနှစ် အထိ အချိန်ကာလသည် ၁၁ နှစ် ကြာမြင့်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိဘဲ အုပ်ချုပ်ခဲ့သည့်ကာလ ဖြစ်သည်။  စာရေးသူ ဘုန်းကြီးကျောင်းသားဘဝ၊ ကိုရင်ဘဝနှင့် မူလတန်းကျောင်းသားဘဝ အချိန်ကာလဖြစ်သည့်အတွက် အတွေ့အကြုံအနည်းငယ်ကိုသာ သိရှိခံစားရသည့် အချိန်ကာလ ဖြစ်သည်။

ထိုနည်းတူစွာ ၁၉၇၄ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ၁၄ နှစ်ကြာ ၁၉၈၈ ခုနှစ်တွင် ကိုက်ညီခြင်းမရှိတော့သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ကျွန်တော်၏ဆရာကြီးတစ်ဦးက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး မိမိအားပြောကြားရာတွင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက လူကိုအခြေခံထားတာ မဟုတ်ဘူးကွ။ ဒီနိုင်ငံမှာနေထိုင်လျက်ရှိကြတဲ့ နိုင်ငံသူနိုင်ငံသားတွေကို ဘုရားလောင်းဆိုပြီး ယူဆချက်နှင့် ရေးဆွဲထားတာကွဆိုပြီး ပြောပြဖူးပါသည်။ အဓိပ္ပာယ်မှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အထက်တွင် ဖော်ပြခဲ့သည့် လူ့အဖွဲ့အစည်း၏ စံချိန်၊ စံညွှန်း၊ စံနှုန်းများအရ လူဆိုသည့် အဓိပ္ပာယ်ကို အခြေခံကာ ဘာသာရေးအယူအဆများ ထည့်သွင်းပြီး ရေးဆွဲထားရှိခြင်းပင် ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၀ ပြည့် နှစ်အထိ ၂၂ နှစ်တိုင်တိုင် ကြာမြင့်စေခဲ့သည်။ အဆိုပါ အုပ်ချုပ်ရေးစနစ်ကြောင့် တိုင်းပြည်နိုင်ငံအခြေအနေမှာလည်း နိုင်ငံရေး၊ လူမှုရေး အခြေအနေများမှာ များစွာနိမ့်ပါးသွားခဲ့ရပြီး စီးပွားရေးအခြေအနေမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်အထိ ရောက်ရှိသွားခဲ့ရပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင့်သုံးခဲ့သည်မှ ၁၀ နှစ်မျှ ကြာမြင့်ချိန်တွင် အဖု၊ အထစ် ဖြစ်ပေါ်နေသည်ကို စတင်တွေ့မြင်နေရပြီ ဖြစ်သည်။ ဤနေရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေများ၊ နိုင်ငံရေးစနစ်များ၊ အုပ်ချုပ်ရေးစနစ်များ မတည်မငြိမ်ဖြစ်ပေါ်နေရသည်ကို လေ့လာသုံးသပ်ရန်အချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေများ၏ အားနည်းချက်လော၊ လက်ခံကျင့်သုံးသူများ၏ အားနည်းချက်လော၊ အုပ်ချုပ်သူများ၏ အားနည်းချက်လော ဆိုသည့်အချက် ဖြစ်သည်။

စာရေးသူ တစ်ဦးတည်းအမြင်အနေဖြင့် တွေ့မြင်နေရသည်မှာ အုပ်ချုပ်သူများ၏ အားနည်းချက်ဟု တင်ပြလိုသည်။ အထက်ဖော်ပြပါ အခြေအနေကို လေ့လာလျှင် အုပ်ချုပ်ခဲ့သူအများစုသည် တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရန် တာဝန်ယူခြင်းမဟုတ်ဘဲ အာဏာသက်သက်ကိုသာ ရယူကာ မိမိတာဝန် သို့မဟုတ် မိမိပညာရပ်နယ်ပယ်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ဝင်ရောက်ဆုံးဖြတ်ချက် ချမှတ်သည့် အာဏာရှင် ယဉ်ကျေးမှုကို ပညာတတ်ဆရာကြီး၊ ဆရာမကြီးတို့ကိုယ်တိုင်ကပင်လျှင် ပျော်ပျော်ရွှင်ရွှင်၊ ကျေကျေနပ်နပ်၊ စိတ်ပါလက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းပင် ဖြစ်သည်။ အဆိုပါအတွေ့အကြုံကို စာရေးသူအနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် စာရင်းအင်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ချိန်တွင် ကိုယ်တိုင်တွေ့မြင်ခဲ့ရပါသည်။ အထက်ဖော်ပြပါ အချက်များအရ ဥပဒေများမှာ အုပ်ချုပ်ရေးစနစ်တွင် တစ်ခါတစ်ရံ အရေးမပါသည့် အခြေအနေသို့ ရောက်ရှိသွားပါတော့သည်။ ယခင် ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလ အုပ်ချုပ်ရေးတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ‘ဥပဒေဆိုတာ လိုရင်သုံးတယ် မလိုရင်မသုံးဘူး’ ဆိုသော စကားကိုလည်း ပြန်လည်ကြားယောင်နေမိသည်။

အထက်တွင်ဖော်ပြခဲ့သည့် သမိုင်းအစဉ်အလာများအရ မိမိတို့တိုင်းပြည်နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေများဖြင့် အုပ်ချုပ်သည်ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမပါဘဲ အုပ်ချုပ်သည်ဖြစ်စေ သေးငယ်သော ဆယ်စုနှစ် အချိန်ကာလသာလျှင် ကြာမြင့်သည့် အုပ်ချုပ်ရေးစနစ်များဖြင့်သာ မတည်မငြိမ် လည်ပတ်နေစေခဲ့သည်။ အမျိုးမျိုးသော နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များအောက်တွင် ပြည်သူပြည်သား လူအများမှာ ဆီးဖြူသီးကို ဆန်ကောထဲထည့်ပြီး လှည့်နေသကဲ့သို့ပင် အသက်ရှင်ရပ်တည်နိုင်စေရန် ကြိုးစားနေထိုင်ရသည့် အခြေအနေဖြစ်သည်။

အဆိုပါကဲ့သို့ မတည်မငြိမ် ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ရပ်မှာ တရားဝင်သတ်မှတ် ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း အစဉ်အလာအရ တည်ရှိနေခဲ့သည့် လူဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်ကြောင့် ဖြစ်သည်ကို မီးမောင်းထိုးကာ တင်ပြပေးခြင်း ဖြစ်သည်။ စာဖတ်သူများအနေဖြင့် နိုင်ငံတကာတွင် အရေးပါလျက်ရှိသည့်နိုင်ငံများ တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေများဖြင့် အုပ်ချုပ်သည့်နိုင်ငံများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ အုပ်ချုပ်သည့်နိုင်ငံများအဖြစ် တည်ရှိနေကြသော်လည်း နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များသည် နှစ်ပေါင်းရာချီပြီး တည်ငြိမ်စွာဖြင့် ရပ်တည်နေနိုင်ကြသည်မှာ အဘယ့်ကြောင့် ဖြစ်ပါသလဲဆိုသည့် မေးခွန်းကို လေ့လာဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။

စာရေးသူအထက်တွင် ဖော်ပြသကဲ့သို့ လူကမွေးဖွားပြီး ‘ပခုံးနှစ်ဖက်အကြား ခေါင်းရှိနေလျှင်လူ’ အဖြစ် သတ်မှတ်ထားရှိသော လူဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်ကြောင့် ဖြစ်သည်ကို မိမိတို့တိုင်းပြည်နိုင်ငံတော်ကို ဦးဆောင်ခဲ့ကြသူများအနေဖြင့် သတိပြုမိသူလုံးဝမရှိခဲ့ပါသဖြင့် ယခုကဲ့သို့ ဆိုးရွားသံသရာတွင် လည်ပတ်နေစေခြင်း ဖြစ်သည်။

ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသည့် လူပုဂ္ဂိုလ် အနည်းငယ်ကသာ သိမြင်နားလည်ခဲ့ပါမူ ယခုကဲ့သို့သော ဆိုးရွားသည့်အခြေအနေ သို့မဟုတ် ဆိုးရွားသည့်သံသရာမှ ရုန်းထွက်နိုင်မည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။

သို့သော်လည်း မိမိတို့၏ တိုင်းပြည်၊ နိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂပဋိညာဉ်စာချုပ် (The United Nation Charter) ကို ပါဝင်လက်မှတ်ရေးထိုးသကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) ကိုလည်း ၁၉၄၈ ခုနှစ်ကတည်းကပင် ပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အခြေခံကျသည့် လူဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်ကိုပင် ရှင်းလင်း ဆောင်ရွက်နိုင်စွမ်းမရှိသည့် အခြေအနေတစ်ရပ်တွင် တည်ရှိနေသည်မှာ တိုင်းပြည်၊ နိုင်ငံတော်ကို ဦးဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံရေးရေချိန်ကို စာဖတ်သူများအနေဖြင့် မှန်းဆကြည့်နိုင်သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ရေရှည်တည်ငြိမ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ အခွင့်အရေးတန်းတူညီမျှခြင်းစသည်တို့ကို အခြေခံသည့် ကောင်းကျိုးများကို ဖြစ်ထွန်းရရှိစေရန်မှာ မိမိတို့၏ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ သတ်မှတ်ပြဋ္ဌာန်းထားရှိသည့် လူဆိုသည့်အဓိပ္ပာယ်ကို လေ့လာဆန်းစစ်ပြီးလျှင် ပြည်ထောင်စုသားအားလုံးအား ကိုယ်စားပြုစေပြီး၊ အသိအမှတ်ပြုနိုင်စေမည့်အပြင် နိုင်ငံတကာစံနှုန်းများဖြင့်ပါ ချိတ်ဆက်ဆောင်ရွက်နိုင်စေမည့် လူဆိုသည့် အဓိပ္ပာယ်ကို ရှာဖွေသတ်မှတ် ပြဋ္ဌာန်းနိုင်ကြပါစေကြောင်း တင်ပြအပ်ပါသည်။