ဖေဖော်ဝါရီလ ပထမပတ်အတွင်း ထိုင်းနိုင်ငံသို့တင်ပို့သည့် မြန်မာ့ပို့ကုန် ပြောင်းအတွက် အကောက်ခွန်သက်သာခွင့် Form D ထုတ်ယူမှု ၄၄၅ စောင်ရှိပြီး တန်ချိန် ၉၉၆၃၇ ကျော်ရှိ

ဖေဖော်ဝါရီလ ပထမပတ်အတွင်း ထိုင်းနိုင်ငံသို့တင်ပို့သည့် မြန်မာ့ပို့ကုန် ပြောင်းအတွက် အကောက်ခွန်သက်သာခွင့် Form D ထုတ်ယူမှု ၄၄၅ စောင်ရှိပြီး တန်ချိန် ၉၉၆၃၇ ကျော်ရှိ
မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်)
မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်)
Published 14 February 2021
နီလာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ထိုင်းနိုင်ငံသို့တင်ပို့သည့် မြန်မာ့ပို့ကုန် ပြောင်းအတွက် အကောက်ခွန်သက်သာခွင့် Form D ထုတ်ယူမှု ၄၄၅ စောင်ရှိပြီး တန်ချိန်အားဖြင့် ၉၉၆၃၇ ကျော်ရှိကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရသည်။

ထိုင်းနိုင်ငံဘက်မှ အကောက်ခွန်သက်သာခွင့် ကန့်သတ်ထားသော ကြက်သွန်နီနှင့် ပြောင်းမှလွဲ၍ ကျန်ပို့ကုန်အမည်များအတွက် အကောက်ခွန်သက်သာခွင့်ရရှိမည့် Form-D ကို e-ATIGA Form-D အဖြစ် ပြောင်းလဲအသုံးပြုထုတ်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကြက်သွန်နီကို မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ နှစ်ပတ်တစ်ကြိမ် ပို့ကုန်လိုင်စင်လျှောက်ထားရန် သတ်မှတ်ထားသော FOB စျေးနှုန်းဖြင့် ပို့ကုန်လိုင်စင်ခွင့်ပြုပေးလျက်ရှိပြီး ငါးအကြေးခွံပို့ကုန်လိုင်စင်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ရေထွက်ပစ္စည်း သယ်ယူသည့်အထောက်အထား (Product Movement Document) တို့ဖြင့် ပူးတွဲလျှောက်ထားလာပါက ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည့် ပြောင်းကိုထိုင်းနိုင်ငံသို့ နှစ်စဉ်ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အကောက်ခွန်သက်သာခွင့် Form-D ဖြင့် တင်ပို့လျက်ရှိရာ လက်ရှိထိုင်းနိုင်ငံဘက်မှ ထုတ်ပြန်ထားသော ပြောင်းတင်သွင်းခွင့် အမိန့်ကြော်ငြာစာသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိသာ အကြုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသဖြင့် ထိုင်းနိုင်ငံဘက်သို့ ဆက်သွယ်မေးမြန်းရာ  “ထိုင်းနိုင်ငံဘက်မှ ပြောင်းတင်သွင်းခွင့်အမိန့်ကြော်ငြာစာ အသစ်ထပ်မံမထွက်သေး၍ ယခုလက်ရှိအမိန့် ကြော်ငြာစာအတိုင်း ဆက်လက်တင် ပို့နိုင်ပါကြောင်း” သိရှိရသဖြင့် လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ စတင်၍ မြန်မာ့ပို့ကုန်“ပြောင်း”ကို ယခင်အတိုင်း အကောက်ခွန်သက်သာခွင့် Form-D ဖြင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့နိုင်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သတင်းရရှိသည်။

တစ်ဖက်နိုင်ငံသို့တင်ပို့သည့် မိမိပို့ကုန်ပစ္စည်းများ အကောက်ခွန်သက်သာခွင့်ရရှိစေရန် Form-D များ စိစစ်ထုတ်ပေးလျက်ရှိရာ လက်ရှိတွင် ထိုင်းနိုင်ငံမှ အကောက်ခွန်သက်သာခွင့်ကန့်သတ်ထားသော ကြက်သွန်နီနှင့် ပြောင်းတို့မှလွဲ၍ ကျန်ပို့ကုန်အမည်များအတွက် အကောက်ခွန်သက်သာခွင့် ရရှိနိုင်မည့် Form-D ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ Electronic Data Exchange စနစ်အသုံးပြု၍ e-ATIGA Form-D အဖြစ် ပြောင်းလဲအသုံးပြုထုတ်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံမဲဆောက်သို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ပို့ကုန်ယာဉ်အစီးရေ ၉၈ စီးရှိပြီး တင်ပို့သည့်ပို့ကုန် အမည်များအနေဖြင့် ကြက်သွန်နီ၊ ပြောင်း၊ ပြောင်းမှုန့်၊ ငါး၊ မြေပဲဆန်၊ မြေပဲ (အခွံပါ)၊ငရုတ်သီး (အစို၊ အခြောက်)၊ နနွင်းအစို၊ ထောပတ်သီး၊ သတ္တုမှုန့်နှင့် ချုပ်ပြီးအထည် (CMP) တို့ ဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀၈ သန်းကျော်အထိ ကုန်သွယ်မှုပြုလုပ်ထားပြီး မြန်မာဘက်မှကုန်သွယ်မှု အသာစီးရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။