အင်တာမီလန်နည်းပြ ကွန်တီက ဂျူဗင်တပ်စ်နှင့်ပွဲမှ ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်များကို မိမိအနေဖြင့် လေးစားမှုအပြည့်ရှိသော်လည်း အငြင်းပွားဖွယ်ဖြစ်ခဲ့ကြောင်း အဆိုပါပွဲအပြီးတွင် RAI Sport သို့ ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ (၂)ရက်က ကစားခဲ့သည့် ကိုပါအီတလီယာဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ် အင်တာမီလန်(၁-၂) ဂျူဗင်တပ်စ်ပွဲတွင် ကွင်းလယ်ဒိုင် ကယ်လ်ဗာရီဆီသည် ပွဲချိန် (၂၆)မိနစ်တွင် ဂျူဗင်တပ်စ်အသင်းဘက်သို့ အငြင်းပွားဖွယ် ပယ်နယ်တီပေးခဲ့သည်။
အင်တာမီလန်အသင်းက (၁-၀)ဂိုးဖြင့် ဦးဆောင်နေသည့်အချိန်တွင် ဘာနာဒက်ခီ၏ ဖြတ်တင်ဘောကို ခေါင်းတိုက်ရန် ကြိုးစားခဲ့သည့် ဂျူဗင်တပ်စ်တောင်ပံကစားသမား ကွာဒရာဒိုကို အင်တာမီလန်နောက်ခံလူ အက်ရှ်လေယန်းက ဆွဲလှဲခဲ့သည်ဟုဆိုကာ ကွင်းလယ်ဒိုင်က ကွင်းဘေးစည်းရှိ VAR မော်နီတာကို ကြည့်ကာ ပယ်နယ်တီပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ဘာနာဒက်ခီ၏ ဖြတ်တင်ဘောမှာ မိုးပေါ်ထောင်သွားခဲ့ပြီး ကွာဒရာဒိုအနေဖြင့် ခေါင်းတိုက်ရန် မဖြစ်နိုင်သည့်အနေအထားဖြစ်သလို၊ အက်ရှ်လေယန်း၏ ပြစ်ဒဏ်ကျူးလွန်မှုမှာလည်း မထင်ရှားသဖြင့် အဆိုပါဆုံးဖြတ်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများ ရှိခဲ့သည်။
ကွန်တီက ''ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ တကယ်လို့ ဒီပွဲကိုသာ ကျွန်တော်တို့ (၂-၀)ဂိုးနဲ့ နိုင်ခဲ့မယ်ဆိုရင် အခုလိုအငြင်းပွားမှုတွေ ရှိလာမှာမဟုတ် ပါဘူး။ ပွဲအတွင်း ဆုံးဖြတ်ချက်တွေက နောက်ဆုံးရလဒ်အပေါ် သက်ရောက်မှုရှိခဲ့ပါတယ်''ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ကွန်တီက ဂျူဗင်တပ်စ်အသင်းနှင့်ပွဲတွင် မိမိတို့အနေဖြင့် ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း တုံးအလွန်းသည့် ခံစစ်အမှားများကြောင့် ရှုံးနိမ့်ခဲ့ရကြောင်းနှင့် ဒုတိယအကျော့မှာ ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကွန်တီက ''အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ဒီပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ကျွန်တော့်တို့ရဲ့ တုံးအလွန်းတဲ့ ခံစစ်အမှားနှစ်ခုကနေ ဂိုး(၂)ဂိုး ရရှိသွားခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း အခုထက်ပိုပြီး အဆုံးသတ်သေချာဖို့ လိုပါတယ်။ အိမ်ကွင်းမှာ (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲတက်ဖို့ ဒုတိယအကျော့မှာ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားရတော့မှာပါ''ဟု ပြောကြားခဲ့သည်။