ရာသီကုန်အထိ အနားယူရတော့မည့် ဂိုးသမား စတီဂန်၏နေရာတွင် အစားထိုးရန် ဘာစီလိုနာအသင်း ဂိုးသမားသစ် ရှာဖွေနေ

ရာသီကုန်အထိ အနားယူရတော့မည့် ဂိုးသမား စတီဂန်၏နေရာတွင် အစားထိုးရန် ဘာစီလိုနာအသင်း ဂိုးသမားသစ် ရှာဖွေနေ
Photo: AFP
Photo: AFP
Published 25 September 2024

 

ဘာစီလိုနာအသင်းသည် ဒူးဒဏ်ရာရရှိမှုကြောင့် ရာသီကုန်အထိ အနားယူရတော့မည့် ဂိုးသမား စတီဂန်၏နေရာတွင် အစားထိုးရန် ဂိုးသမားသစ် ရှာဖွေလျက်ရှိကြောင်း သိရသည်။

ဗီလာရီးယဲလ် (၁-၅) ဘာစီလိုနာပွဲစဉ်၌ စတီဂန်မှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ စတီဂန်သည် ပထမပိုင်းပြီးခါနီးတွင် ဗီလာရီးယဲလ်အသင်း၏ ထောင့်ကန်ဘောကို ကာကွယ်ဖမ်းယူစဉ် ခြေတစ်ဖက်ထောက်ဖြင့် မြက်ခင်းပေါ်သို့ ပြုတ်ကျခဲ့သည်။ ထို့နောက် ကစားသမားများက ဆေးအကူအညီချက်ချင်းရယူရန် အလျင်အမြန်တောင်းဆိုခဲ့ပြီး ၎င်းအား ထမ်းစင်ဖြင့် သယ်ထုတ်သွားပြီးနောက် ဗီလာရီးယဲလ်အသင်း၏ကွင်းအနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ 

စတီဂန် (၃၂ နှစ်)၏ ဒဏ်ရာမှာ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်ဖြစ်ပြီး အသင်းတွင် အာရူဟို၊ ခရစ္စတန်ဆန်၊ ဘာနယ်လ်၊ ဒီယွန်း၊ ဂါဗီ၊ ဖာမင်လိုပက်ဇ်၊ အော်လ်မိုတို့မှာလည်း ဒဏ်ရာပြဿနာများနှင့်  ရင်ဆိုင်နေရလျက်ရှိသည်။ဘာစီလိုနာအသင်းက စတီဂန်၏ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အနားယူရမည့်ကာလကို ဖော်ပြခြင်းမရှိသော်လည်း ခုနစ်လမှ ရှစ်လ အထိ အနားယူရမည်ဟု သတင်းများက အတိအလင်းရေးသားခဲ့ကြသည်။ 

ဘာစီလိုနာအသင်းတွင် အရန်ဂိုးသမားအဖြစ် အီညာကီပယ်ညာသာ ရှိနေပြီး အကယ်ဒမီမှ ဆယ်ကျော်သက်ဂိုးသမားများကို ခေါ်သုံးခြင်းထက် စျေးကွက်တွင် အသင်း လက်မဲ့ဖြစ်နေသည့် ၀ါရင့်ဂိုးသမားများကို ခေါ်ယူသွားဖွယ်ရှိနေကြောင်း သတင်းများ က ဖော်ပြခဲ့ကြသည်။ မကြာသေးမီကမှ PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးထားသည့် ရီးယဲလ်မက်ဒရစ်ဂိုးသမားဟောင်း နာဗတ်စ်မှ ဘာစီလိုနာအသင်းပစ်မှတ်တွင် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။ ထို့ပြင် ကစားသမားဘဝမှ အနားယူထားသည့် ဆဇက်စနီ(၃၄ နှစ်)နှင့် အသင်းဂိုးသမားဟောင်း ဘရာဗို(၄၁ နှစ်)တို့မှာလည်း ဘာစီလိုနာအသင်းမှ ခေါ်ယူလျှင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်ဖွယ်ရှိနေသည်။ 

လက်ရှိအပြောင်းအရွှေ့စျေးကွက်၌ အသင်းလက်မဲ့ဖြစ်နေသည့် ဂိုးသမားများအဖြစ် ကာရီယပ်စ်၊ မာရှစ်၊ ဗက်ချလစ်ခ်၊ လယ်တယ်လီယာနှင့် ဘာဒီယာစသူတို့ ရှိနေသော်လည်း ဘာစီလိုနာအသင်းအနေဖြင့် ဂိုးသမားသစ် ခေါ်ယူဖြစ်လျှင် ထိပ်တန်းကလပ်များတွင် ကစားဖူးသည့် ၀ါရင့်ကစားသမားများသာ  စာချုပ်ချုပ်ဆိုဖွယ် ရှိနေသည်။

Most Read

Most Recent