ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ကျင်းပမည့် ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့သူ များအနက် သတ်မှတ်ထားသည့် ထောက်ခံမဲရရှိသူ (၃)ဦးသာ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဥက္ကဋ္ဌလောင်း(၃)ဦးမှာ ယိုအန်လာပေါ်တာ၊ ဗစ်တာဖောင့်နှင့် တိုနီဖရိုင်ဇာတို့ ဖြစ်သည်။
ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ထောက်ခံမဲအနည်းဆုံး(၂၂၅၇)မဲ ရရှိရန် လိုအပ်ပြီး လာပေါ်တာ၊ ဗစ်တာဖောင့်နှင့် တိုနီဖရိုင်ဇာတို့သာ ယင်းအရေအတွက်ကို ရရှိခဲ့ပြီး ကျန်ဥက္ကဋ္ဌလောင်း(၆)ဦးမှာ လိုအပ်သည့် ထောက်ခံမဲအရေအတွက် မရရှိခဲ့ခြင်းဖြစ်သည်။
ရရှိခဲ့သည့် ထောက်ခံမဲအရေအတွက်တွင် ဥက္ကဋ္ဌဟောင်း လာပေါ်တာက (၉၆၂၅)မဲဖြင့် အများဆုံးဖြစ်ခဲ့ပြီး ဗစ်တာဖောင့်က (၄၄၃၁)မဲ၊ တိုနီဖရိုင်ဇာက (၂၆၃၄)မဲ ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးသာ ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ယနေ့(သောကြာနေ့)တွင် ယာယီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ကားလက်စ်တက်စ်ကွက်စ်နှင့်တွေ့ဆုံကာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည်များကို လုပ်ဆောင်သွားရမည်ဖြစ်သည်။















