မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်း ကျေးရွာတွင် ဇန်နဝါရီ ၁၀ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒုံးညောင်မှိုင်းကျေးရွာတွင် စတင်ဖွင့်လှစ် သည့် ကျွန်းအခြေပြုခရီးသွားလုပ်ငန်း CBT ဖွင့်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒေသခံများကိုယ်တိုင်စီမံခန့်ခွဲမည့် လူ ထုအခြေပြုခရီးသွားလုပ်ငန်းကို တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုတွင် စတင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြိတ်ခရိုင်တွင် ဒုတိယမြောက်ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
‘‘တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာမှာ ပြု လုပ်ကျင်းပတဲ့အခမ်းအနားကတော့ မြန်မာ နိုင်ငံရဲ့ ပထမဆုံး ကျွန်းကိုအခြေခံတဲ့ရပ်ရွာလူ ထုအခြေပြုခရီးသွားလုပ်ငန်းဖွင့်ပွဲ အခမ်းအနားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်း လူ ထုအခြေပြုခရီးသွားလုပ်ငန်းတွေကို Pilot Project သုံးခုအဖြစ် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တွေမှာ အကောင်ထည် ဖော်ဆောင်ရွက်သွားရန် လျာထားလုပ်ဆောင် ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ထားဝယ်ခ ရိုင် စမ်းလှမ်းကျေးရွာမှာ ပထဆုံးလူထုအခြေ ပြုခရီးသွားလုပ်ငန်း CBT ကို ၂၅ ရက် ၁၀ လ ၂၀၁၈ ခုနှစ်မှာ အောင်မြင်စွာအကောင် ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခု ဒုတိယမြောက်အနေနဲ့ မြိတ်ခရိုင် ဒုံးညောင် မှိုင်းကျေးရွာမှာ ဆက်လက်အကောင်ထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီစီမံကိန်း ဟာ နိုင်ငံတော်အစိုးရရဲ့ ဆင်းရဲမွဲတေမှုပ ပျောက်ရေးစီမံကိန်းအတွက် အထောက်အကူ ပြုမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒုံးညောင် မှိုင်းကျေးရွာရဲ့လူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ ကျေးရွာ CBT ကော်မတီနဲ့ ဒေသတွင်း ခရီးသွားလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး တစ်တိုင်းလုံးမှာ အောင်မြင်ဆုံး လူထုအခြေပြုခရီးသွားလုပ် ငန်းဖြစ်လာလိမ့်လို့လည်း မျှော်လင့်ပါတယ်’’ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောကြားသည်။
ဒုံးညောင်မှိုင်းကျေးရွာတွင် ကရင်၊ ဆလုံနှင့် ဗမာတိုင်းရင်းသားများ နေထိုင်သည့်အတွက် ယဉ်ကျေးမှုများကို လေ့လာနိုင်မည်ဖြစ် သလို လူတန်းစားအစုံ သွားလာနိုင်ရေးအတွက် လည်း ကျွန်းပတ်အမြန်ရေယာဉ်များ ပြေးဆွဲ နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
‘‘ညောင်မှိုင်းကျေးရွာဆိုတာကလည်းလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဒေသခံ တွေနဲ့ တွေ့ဆုံ၊ ပြင်ဆင်မှုတွေ တောက်လျှောက် လုပ်ပြီး ဒီနေ့ဖွင့်လှစ်နိုင်ခဲ့တဲ့အခြေအနေဖြစ် ပါတယ်။ ကြည့်မယ်ဆို အခြေခံအချက်အလက် တွေနဲ့ ပြည့်စုံပါတယ်။ စရိတ်အနည်းငယ်ရှိနိုင် ပေမယ့် နှစ်လိုဖွယ်ကောင်းတဲ့နေရာတစ်ခုပါ။ အနာဂတ်မှာ ကျွန်တော်တို့အသင်းအဖွဲ့တွေ နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးအ မြန်ရေယာဉ်ပြေးဆွဲမယ်။ ကျွန်းပတ်ခရီးစဉ် တွေလို လုပ်နိုင်မယ်ဆိုရင် CBT တစ်ခုတည်း မဟုတ်ဘူး ကျွန်းတွေအများကြီးမှာရှိတဲ့ ရွာတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေမှာပါအကျုံးဝင်သွားမှာဖြစ်ပါတယ်။ CBT ကို ဗဟို ပြုပြီး ကျန်တဲ့ကျေးရွာတွေပါ အောင်မြင်နိုင် လာလိမ့်မယ်။ ကျွန်တော်တို့ ရောက်နေတဲ့နေရာမှာလည်း Marine Tourism နဲ့ ပေါင်းစပ် ပြီး တစ်ချိန်မှာ အကောင်ထည်ဖော်သွားဖို့ လည်းရှိပါတယ်’’ ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောကြားသည်။
CBT ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ယခင်က နိုင်ငံခြားသားများ ညအိပ်တည်းခို ခွင့်မရှိသည့် ကျွန်းစုမြို့နယ်တွင် ယခုအခါဒုံး ညောင်မှိုင်းကျေးရွာ၌ ညအိပ်တည်းခိုခွင့်ရရှိ လာမည်ဖြစ်ကြောင်း သိရသည်။ လူထုအခြေ ပြုခရီးသွားလုပ်ငန်း CBT (Community Based Tourism)ကို မြိတ်ခရိုင်နှင့် ထားဝယ် ခရိုင်တွင် အကောင်ထည်ဖော်ဆောင်ရွက်ပြီး နောက်တွင် ကော့သောင်းခရိုင်၌လည်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။















