ရွေးကောက်ပွဲအရှုံးကိုလက်မခံဘဲ မဟုတ်မမှန်ဝေဖန်ပြောကြားနေသည့်အဖွဲ့များ၊ ပုဂ္ဂိုလ်များအနေဖြင့် ကိုယ်နိုင်ငံရေးကိုယ် ပြန်သတ်သည့် နိုင်ငံရေးဆွဲကြိုးချခြင်းဖြစ်လိမ့်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရွေးကောက်ပွဲအရှုံးကိုလက်မခံဘဲ မဟုတ်မမှန်ဝေဖန်ပြောကြားနေသည့်အဖွဲ့များ၊ ပုဂ္ဂိုလ်များအနေဖြင့် ကိုယ်နိုင်ငံရေးကိုယ် ပြန်သတ်သည့် နိုင်ငံရေးဆွဲကြိုးချခြင်းဖြစ်လိမ့်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဇန်နဝါရီ ၈  ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား တွေ့ရစဉ်
ဇန်နဝါရီ ၈  ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးအား တွေ့ရစဉ်
Published 8 January 2021
နေရိုင်း၊ အောင်မင်းသိန်း

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအရှုံးကို လက်မခံဘဲ မဟုတ်မမှန်ဝေဖန်ပြောကြားနေသည့် အဖွဲ့များ၊ ပုဂ္ဂိုလ်များအနေဖြင့် ကိုယ်နိုင်ငံရေးကိုယ် ပြန်သတ်သည့် နိုင်ငံရေးဆွဲကြိုးချခြင်းဖြစ်လိမ့်မည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဇန်နဝါရီ ၈ ရက်က နိုင်ငံတော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းခန်းမ၌ ပြုလုပ်သည့် Press Briefing တွင် နိုင်ငံတော်သမ္မတအား မန္တလေးမြို့တွင်နေထိုင်သော ဦးဇော်ဝိတ်က တရားရုံးကို စာချွန်တော်ပို့သည့်ကိစ္စနှင့် ပတ်သက်၍ အစိုးရအနေဖြင့် မည်သို့စီစဉ်ထားပါသနည်းဆိုသည့် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ဦးဇော်ဌေးက အထက်ပါအတိုင်းထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရော ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဥပဒေနဲ့မညီညွတ်တာ ဘာတစ်ခုမျှလုပ်ခဲ့တာမရှိဘူး။ ပြည်သူတွေကိုလည်း ကျွန်တော်တို့အထင်အရှားပေါ့။ မီဒီယာတွေကနေတဆင့် ဒီနေရာကနေ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်ပေါ့။ ရွေးကောက်ပွဲမှာ ရှုံးတယ်၊ ရွေးကောက်ပွဲရှုံးတဲ့ဟာကို လက်မခံနိုင်ဘူးပေါ့။ လက်မခံနိုင်တဲ့လူတွေက ဒီလိုမျိုး အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောကြားနေတာတွေ ဒါလည်း ပြည်သူတွေသိတယ်။ တကယ်တမ်းရွေးကောက်ပွဲနဲ့ပတ်သက်လို့ တကယ်တမ်းမဲပေးခဲ့တဲ့ ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ ဘယ်သူ့ကိုမဲပေးခဲ့တယ်တယ်၊ ဘယ်ပါတီ ကိုယ်စားလှယ်ကို မဲပေးခဲ့တယ်၊ သူတို့သိတယ်။ ပြန်ကြည့်ရင် ကျွန်တော်တို့ အခုမှမဟုတ်ဘူး။ ပြန်ကြည့်လိုက် ၁၉၉၀ ရွေးကောက် ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ၊ ဒီအတိုင်းပဲ အပြတ်အသတ် နိုင်တာပေါ့။ လူထုရဲ့သဘောထား၊ ပြီးရင် လူထုရဲ့ ထောက်ခံမှုက ဒီအတိုင်းပဲ ရှိနေတာပဲ။ ဒါကိုကြည့်ရင် ရှင်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပြောချင်တာက မဟုတ်မမှန်ဝေဖန် ပြောကြားနေတာတွေပေါ့၊ လုပ်နေတဲ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေပေါ့၊ ဒီပုဂ္ဂိုလ်တွေအနေနဲ့ ပြောရရင်တော့ ကိုယ့်နိုင်ငံရေးကိုကိုယ် ပြန်သတ်တာပေါ့။ ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တဲ့ Political Suicide ပေါ့၊ နိုင်ငံရေး ဆွဲကြိုးချတာဖြစ်လိမ့်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတအပါအဝင် လေးဦးကို စာချွန်တော်လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ပြောရမည်ဆိုပါက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်တွင် လက်မှတ်ရေး ထိုးထုတ်ပြန်ထားသော ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေအရ နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှ စ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “အဲဒီမှာ ဒီပြဋ္ဌာန်းချက်ပေါ့၊ အထူးပြုရှင်းလိုတဲ့ စကားရပ်ကတော့ နောင်လာမယ့် အထွေထွေရွေးကောက်ပွဲတစ် ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါကဆိုတာပါပဲ။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရော ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ပါဝင်ရွေးချယ်ခံမယ့်လူ တွေဖြစ်တဲ့အတွက် ဥပဒေအရ ပေးအပ်ထားတဲ့ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိတယ်။ ဒီလိုဆောင်ရွက်တာဟာ ဥပဒေနဲ့ ညီညွတ်တယ်ဆိုတာ အထင်အရှားပြောလိုပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တာဝန်ယူခဲ့သည့် ကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တာဝန်ယူခဲ့သည့် ကော်မရှင်နှစ်ခု၏ ကြေညာချက်များတွင်ပါ ဝင်သော ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံး ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့သည့် ကြေညာချက်များသည် ကြေညာချက်အမှတ်နှင့် ရက်စွဲများသာ ကွာခြားမှုရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “ဆိုလိုတာက ၂၀၁၅ ဦးတင်အေးကော်မရှင်ထုတ်ပြန်ခဲ့တဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ပြုခဲ့တဲ့ ကြေညာချက်နဲ့ ဦးလှသိန်း ကော်မရှင်ကနေပြီးတော့ ၂၀၂၀ မှာ ထုတ်ပြန်ခဲ့တဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး ၏၊သည်မရွေး အကုန်တူတယ်။ ကွာတာက ကြေညာချက်အမှတ်၊ အချိန်ကာလကွာခြားတဲ့ရက်စွဲတွေ ဒါပဲကွာတယ်။ လက်မှတ်တော့ မတူဘူးပေါ့။ လက်မှတ်ကွာတယ်။ ဒါပဲကွာတယ်၊ ကျန်တာ မကွာဘူး။ အဲဒီတော့ ဘာကြောင့် ဒါကို ပြောရလဲဆိုတော့ နောက်ကျင်းမယ့် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ဖို့ပေါ့၊ ရွေးချယ်တင်မြှောက်ခံမယ့် ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် နိုင်ငံတော်သမ္မတသည် ခုနက ကျွန်တော်ဖတ်ပြတဲ့  ရှေ့နေချုပ်အထိ ဒါတွေလုပ်ခွင့်ရှိတယ်။ လုပ်ခွင့်ရှိတာက ဥပဒေနဲ့လည်းအညီဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောတဲ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာချက်တွေကလည်းညွှန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေ သက်ဆိုင်ရာဥပဒေအခွင့်အရေးတွေနဲ့အညီ ဖြစ်တယ်ဆိုတာ ပြောကြားခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ခုံရုံးဥက္ကဋ္ဌတို့ကို အာဏာပိုင်ပေးစာချွန်တော်ထုတ်ဆင့်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားသည့် ကိစ္စသည် စာချွန်တော်အမိန့်လျှောက်ထားမှု ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ ညွှန်ကြားရေးမှူးချုပ်သည် စာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားလာပါက စာရွက်စာတမ်းပြည့်စုံမှုရှိလျှင် အထွေထွေလျှောက်ထားမှု ဖွင့်လှစ်ရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး သုံးဦးပါဝင်ဖွဲ့စည်းထားသော ကနဦးကြားနာရေးအဖွဲ့သည် ကနဦးဆုံးဖြတ်ချက်ချခြင်းနှင့် ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပြီး လာမည့်ဇန်နဝါရီ ၂၉ ရက်တွင် Video Conferencing နှင့် ကြားနာရန် အမှုခေါ်စာရင်း ထုတ်ထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“နောက်အခု အပြင်မှာ၊ လူမှုကွန်ရက်မှာ၊ မီဒီယာတချို့မှာ ရေးနေသလိုပေါ့၊ တရားလွှတ်တော်ချုပ်က ဒီအမှုကို လက်ခံလိုက်ပြီဆိုတာလည်း မဟုတ်ဘူး။ Admit လုပ်၊ မလုပ်ကို ဇန်နဝါရီ ၂၉ ရက်မှာ ဆုံးဖြတ်မှာဖြစ်တယ်။ အမှုလက်ခံတာမဟုတ်သေးဘူး။ နောက်ကျွန်တော်တို့ သိရှိရသလောက်ပေါ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၅၊ ပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၄၃ မှာ နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရလည်းကောင်း မိမိအားအပ်နှင်းထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့မဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင် မျှဖြေရှင်းရန် တာဝန်မရှိကြောင်း ပြဋ္ဌာန်းထားတာလည်း တွေ့ရှိနိုင်ပါတယ်” ဟု ဦး ဇော်ဌေးက ပြောကြားသည်။

 

Most Read

Most Recent