ဆောင်းခိုငှက်များ လာရောက်‌လေ့ရှိသော မန္တလေးဝန်းကျင်ရှိ အင်း၊ အိုင်များအနက် တောင်သမန်အင်းနှင့် ပလိပ်အင်းတွင် ရေမြေအနေအထား ပြောင်းလဲမှုဖြစ်ပေါ်ခြင်းများက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် သတိပြုစရာ ဖြစ်လာ

ဆောင်းခိုငှက်များ လာရောက်‌လေ့ရှိသော မန္တလေးဝန်းကျင်ရှိ အင်း၊ အိုင်များအနက် တောင်သမန်အင်းနှင့် ပလိပ်အင်းတွင် ရေမြေအနေအထား ပြောင်းလဲမှုဖြစ်ပေါ်ခြင်းများက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် သတိပြုစရာ ဖြစ်လာ
Published 8 January 2021
လဲ့လဲ့အောင်

ဆောင်းခိုငှက်များ အဓိကလာရောက် ကျက်စားသော တောင်သမန်အင်းနှင့် ပလိပ်အင်းတွင် တစ်နှစ်ထက်တစ်နှစ် ရေမြေအနေထား ပြောင်းလဲမှု များပြားလာခြင်းက ဆောင်းခိုငှက် ဝင်ရောက်မှု အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် သတိပြုစရာ ဖြစ်လာကြောင်း ငှက်စောင့်ကြည့် လေ့လာသူများနှင့် သဘာဝဝန်းကျင် လေ့လာသူများ၏ သုံးသပ်ချက်အရ သိရသည်။

နှစ်စဉ်ဆောင်းတွင်းကာလ၌ မန္တလေးအနီးဝန်းကျင်ရှိ တောင်သမန်အင်း၊ ပလိပ်အင်း၊ ဘနောအင်း၊ ဝမ်းဘဲအင်း၊ ပြူကန်၊ သူငယ်တော်စသည့် အင်းအိုင်များအနက် ဆောင်းခိုငှက် အများအပြား လာရောက် ကျက်စားလေ့ရှိသော တောင်သမန်အင်း အတွင်း၌ မြေပြင်ဧရိယာ ကျယ်ပြန့်လာပြီး ရေပြင်ဧရိယာ နည်းပါးလာခြင်း၊ အင်းရေဝင်ဧရိယာ နေရာများတွင် စီမံကိန်းဆိုင်ရာ ဖို့မြေဧရိယာများ ထုထည်ကြီးမား ကျယ်ပြန့်စွာ ရှိနေခြင်း၊ အလားတူ ပလိပ်အင်းတွင်လည်း ထုထည်ကြီးမားသော ဖို့မြေဧရိယာများ ရှိနေကြောင်း သိရသည်။

“သိသိသာသာ ပြောင်းလဲသွားတာကတော့ တောင်သမန်အင်းပဲ။ ဒီနှစ်မှာ ပိုသိသာလာတာက ကုန်းမြေက အရင်ထက် ပိုကျယ်လာတယ်။ အင်းလယ်အထိကို ကုန်းမြေဖြစ်လာတယ်။ စိုက်ပျိုးရေးတွေလုပ်တယ်။ ဒါအတွက် တစ်ဖက်မှာ တောင်သူတွေအတွက် စိုက်ပျိုးရေး လုပ်ရ‌တော့ ကောင်းပေမယ့် ငှက်တွေအတွက် စားကျက်မြေက ပျောက်သွားတယ်” ဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇေမောင်သိန်းက ပြောကြားသည်။

တောင်သမန်အင်းသို့ ယခုနှစ်‌ဆောင်းခို ငှက်လာရောက် နေထိုင်ကျက်စားမှုအား လေ့လာစောင့်ကြည့်မှု အ‌‌ခြေအနေအရ ၂၀၀၈ ခုနှစ် နောက်ပိုင်းအတွင်း အနည်းဆုံး အခြေအနေဖြစ်ပြီး တောင်သမန်အင်းသို့ ယခင်က လာရောက်လေ့ရှိသည့် ဆောင်းခိုငှက်မျိုးစိတ် အချို့မှာ လုံးဝလာရောက်ခြင်း မရှိတော့ဘဲ နှစ်စဉ် အကောင်အရေအတွက် ရာထောင်ချီ လာရောက်တတ်သည့် ဒေါင်းလန်းခြေထောက်ငှက်များမှာ ယခုနှစ်တွင် အကောင်ရေ ၅၀ ကျော်ခန့်သာ တွေ့ရှိရကြောင်း၊ ငှက်မျိုးစိတ်အချို့ လာရောက်မူမရှိခြင်း၊ အရေအတွက် လျော့နည်းမှုများ ရှိသော်လည်း ယခင်လာရောက်မှုနည်းသည့် ရေကြက်ဒုံမျိုးစိတ်များမှာ ယခုနှစ်တွင် အကောင်ရေ အများပြား လာရောက်သည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

တောင်သမန်အင်းကဲ့သို့ ပလိပ်အင်းတွင်လည်း ဖို့မြေဧရိယာများနှင့် ပက်သက်၍ ဦးဇေမောင်သိန်းက “ပလိပ်အင်းမှာလည်း ပြဿနာတစ်ခုက အရှည်တစ်မိုင်နီးပါးလောက်ရှိပြီး ထုထည်ကြီးမားတဲ့ မြေလမ်းရိုးကြီး လုပ်ထားတာ တွေ့တယ်။ ဘာအတွက် လုပ်တာလဲ ဘယ်သူတွေ လုပ်တာလဲတော့ မသိဘူး။ အဲဒီကိစ္စကို ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေရော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဌာနတွေကိုရော သေသေချာချာ အသိပေး တင်ပြထားပြီးပြီ။ အခုထိတော့ ဘာမှ အခြေအနေ မထူးသေးဘူး” ဟု ဦးဇေမောင်သိန်းက ပြောကြားသည်။

ယခုကဲ့သို့ အခြေအနေများနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုမှုများ၊ ထိန်းသိမ်းခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်သင့်ပြီး ဆယ်စုနှစ် ကာလအတွင်း ဆောင်းခိုငှက်များ လာရောက်သည့် အင်းများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဆောင်းခိုငှက်များ လာရောက် ကျက်စားမှုမရှိတော့သည့် အင်းအချို့လည်းရှိကာ ပလိပ်အင်းကဲ့သို့ ငှက်မျိုးစိတ် အများအပြား လာရောက်သည့် အင်းကြီးမှာလည်း တဖြည်းဖြည်း ပျက်စီးလာခြင်းက အင်းအိုင်များအပေါ် မှီတည်းနေထိုင် ကျက်စားလေ့ရှိသည့် သက်ရှိသယံဇာတများ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်လာကာ သဘာဝ ပတ်ဝန်းကျင်အတွက် သတိထား ဆင်ခြင်သင့်ကြောင်း ငှက်လေ့လာ စောင့်ကြည့်သူများက သုံးသပ်ကြသည်။

ဆယ်နှစ်ကျော်ကာလအတွင်း ဆောင်းခိုငှက် လေ့လာစောင့်ကြည့် မှတ်တမ်းတင်မှုများအရ တောင်သမန်အင်း ဝန်းကျင်တွင် တွေ့ရှိရသည့် ငှက်အမျိုးအစားပေါင်း ၁၂၀ ကျော်ရှိကာ ယင်းထဲတွင် ဆောင်းခိုဘဲမျိုးစိတ် ၁၀ မျိုး၊ ပြည်တွင်းရွှေ့ပြောင်းဘဲ မျိုးစိတ်လေးမျိုး၊ ရေစပ်နေငှက်မျိုးစိတ် ၅၂ မျိုးရှိပြီး ဆောင်းခိုငှက် ၂၉ မျိုး ပါဝင်ကာ ရိုးရိုးကုန်းငှက် မျိုးစိတ် ၅၀ တွင် ဆောင်းခိုငှက် ၁၂ မျိုးပါဝင်ကြောင်း သိရသည်။

ထို့အတူ ပြူကန်အင်းဝန်းကျင်တွင် တွေ့ရစသည့် ငှက်မျိုးစိတ် ၁၁၀ ကျော်ရှိပြီး ဆောင်းခိုငှက်များထဲတွင် ကမ္ဘာပေါ်တွင် ရှားပါးမျိုးစိတ် စာရင်းဝင် ဘဲပို့ချပ် (Bear’s Pochard (Aythya Beri)) မျိုးစိတ်ဘဲများ လာရောက် ဆောင်းခို ကျက်စားလေ့ရှိပြီး မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့် ငှက်မျိုးစိတ် ကိုးမျိုးအနက် ခြောက်မျိုးမှာလည်း ယင်းအင်း အနီးဝန်းကျင်တွင် ကျက်စားနေထိုင်ကြောင်း သိရသည်။

 

Most Read

Most Recent