ထိုင်းနိုင်ငံ မဟာချိုင်ရှိ ကိုဗစ်ကုသရေး ယာယီဆေးရုံတွင် ဆေးကုသခံယူနေသည့် မြန်မာ ၉၀၀ ဦးခန့်ရှိကြောင်း ထိုင်းအလုပ်သမားရေး ကူညီစောင့်ရှောက်ပေးသူများထံမှ သိရသည်။
ထိုင်းနိုင်ငံ မဟာချိုင်ဘောလုံးကွင်းရှိ ကိုဗစ်ကုသရေး ယာယီဆေးရုံတွင် မြန်မာလုပ်သား ၉၀၀ ဦးခန့် ဆေးကုသမှု ခံယူနေပြီး ယင်းတို့သည် ကိုဗစ်နှင့် ပတ်သက်သည့် မည်သည့် လက္ခဏာမပြဘဲ ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
မဟာချိုင်ဒေသ သလာ့ကုန်ပုဇွန်စျေးရှိ ကိုဗစ်ရောဂါ ကူးစက်ခံနေရသည့် ရွှေ့ပြောင်းအလုပ်သမားများ ယာယီဆေးရုံများသို့ ဇန်နဝါရီလ အစောပိုင်းမှ စတင်၍ ပို့ ဆောင်နေကြောင်း မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) ဥက္ကဋ္ဌဦးခိုင်ကြီးက ပြောကြားသည်။
Lockdown ချထားသည့် မဟာချိုင်ဒေသ သလာ့ကုန်ပုဇွန်စျေးတွင် ပိုးတွေ့သူနှင့် ရောနှောနေထိုင်ခြင်းကို စတင်ခွဲထုတ်နေပြီဖြစ်ကြောင်း သိရသည်။ အဖြူ၊ အမဲနှင့် အနီရောင်ဟူ၍ အရောင် သုံးရောင်သတ်မှတ်ပြီး ခွဲထုတ်မည်ဖြစ်သည်။
ပိုးမကူးစက်ခံရသေးသူများကို အဖြူရောင်၊ ပိုးကူးစက်ခံနေရပြီး ဆေးရုံကို လိုက်မရမည့်သူသည် အနီရောင်နှင့် အမဲရောင်သည် ကူးစက်ခံပြီး ပြန်လည်သက်သာသူများ ဖြစ်ကြောင်း သိရသည်။
တကျော့ပြန် ကိုဗစ်ပိုး ကူးစက်ခံရသည့် ထိုင်းနိုင်ငံ မဟာချိုင်ကို ဒီဇင်ဘာ ၂၁ ရက် ကစတင်ပြီး Lockdown ချလိုက်ရာ ဇန်နဝါရီ ၄ ရက်တွင် ထပ်မံသက်တမ်း တိုးလိုက်ကြောင်း သိရသည်။
စမွတ်စခွန်ခရိုင်အတွင်း COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ကန့်သတ် နိုင်ရေးအတွက် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ခရိုင်အတွင်း ဝင်၊ ထွက် သွားလာမှုမပြုရန် အမိန့် ကြေညာချက်အရ ဝင်၊ ထွက်ခွင့် ကန့်သတ်ထားခဲ့သည်။
စမွတ်စခွန်ခရိုင်တွင် မြန်မာလုပ်သား ၄၀၀၀ ကျော် ပိတ်မိနေကြောင်း မြန်မာနိုင်ငံခြားရေးရာ ဝန်ကြီးဌာန ထုတ်ပြန်ထားသည်။
မဟာချိုင်တွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၀၀ ကျော်ထိ ရှိလာကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
ဇန်နဝါရီ ၄ ရက်တွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာလုပ်သား ၃၀ ကျော်ကို ဆေးရုံတွင် မထားတော့ဘဲ Lockdown ချထားသည့်ဝန်းတွင် ပြန်လည်လာရောက် ထားသောကြောင့် ဆနပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃ ရက်အထိ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် တကျော့ပြန် ကိုဗစ်ကူးစက်ခံရသူ ၁၉၀၀ ကျော်ရှိရာ ယင်းထဲမှ ၁၇၀၀ ကျော်သည် မြန်မာရွှေ့ပြောင်း လုပ်သားများ ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၃ ရက်တွင် စမွတ်ဆာခွန် ခရိုင်ရှိ ပုစွန်စျေးကြီးတွင် အသက် ၆၈ အရွယ် ထိုင်းနိုင်ငံသူ တစ်ဦးသည် စတင်ဖျားနာပြီး စစ်ဆေးကြည့်ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက အဆိုပါ ဒေသတွင် ရောဂါစစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် တကျော့ပြန် ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါ ပျံ့နှံ့မှုသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများဆုံး နေထိုင်သည့် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ပျံ့နှံ့နေကြောင်း သိရသည်။
မဟာချိုင်ဒေသသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများစုနေထိုင်ပြီး ၁၀ ရာခိုင်နှုန်းသာ ထိုင်းလူမျိုးများ ဖြစ်သည်။















