ရှမ်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ တောင်ကြီးမြို့နယ်တွင် မီးရှို့ဖျက်ဆီးနေစဉ်
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ တောင်ကြီးမြို့နယ်တွင် မီးရှို့ဖျက်ဆီးနေစဉ်
Published 7 January 2021
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၅၀ ရှိ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို သက်ဆိုင်ရာ မြို့နယ်များတွင် ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ် ခဲ့ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။

ထိုသို့ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို UEC (ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်) ညွှန်ကြားချက်ဖြင့်  တရားဝင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခ ရိုင် တောင်ကြီးမြို့နယ်ရှိ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ရွေး ကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးဝင်းအတွင်း ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

တောင်ကြီးမြို့နယ်ရှိ မဲရုံပေါင်း ၂၀၉  ရုံတို့တွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွင်း အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးရာတွင် ကြွရောက်လာသော နိုင်ငံရေးပါတီတချို့၊ စိတ်ပါဝင်စားသူများနှင့် မီဒီယာများကို မီးရှို့မည့် စာရွက်စာတမ်းများ၊ မဲလက်မှတ် အဟောင်းများကို မီးမရှို့ခင် စစ်ဆေးပြသ၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ မရှိသဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကိုသာ မီးရှို့ခြင်းဖြစ်ကာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသော သက်ဆိုင်ရာမြို့နယ်များအလိုက် မီးရှို့ခြင်းပြုလုပ်ကြောင်း သိရသည်။

“ဒါက ၂၀၁၅ ခုနှစ်တုန်းက ဆန္ဒမဲလက်မှတ် အဟောင်းတွေပေ့ါ။ စာရင်းဇယား အဟောင်းတွေ၊ နည်းဥပဒေမှာပါတယ်။ နောက်ရွေးကောက်ပွဲ မပြီးမချင်း ထိန်းသိမ်းထားရတယ်။ အခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးလို့ ရလဒ်တွေလည်းထွက်ပြီ။ UEC ကနေ မီးရှို့ဖျက်ဆီးပါလို့ ညွှန်ကြားချက်စာလည်း ထွက်တဲ့အတွက် ဖျက်ဆီးရခြင်း ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကတော့ ၂၀၂၅ ခုနှစ် ရလဒ်ထွက်ပြီးချိန် ၂၀၂၆ ခုနှစ်မှ မီးရှို့ဖျက်ဆီးမှာပါ။ အခုတော့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ စာရွက်စာတမ်း အဟောင်းတွေ၊ စာရင်းဇယား အဟောင်းတွေကို နည်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတာ ဖြစ်တယ်” ဟု တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်စိုးက ပြောကြားသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တစ်ပြည်နယ်လုံး မြို့နယ်ပေါင်း ၅၀ တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော်လည်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သဖြင့် ၂၀၁၅ ခုနှစ်ထက် တစ်မြို့နယ် လျော့နည်းခဲ့သဖြင့် ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် မြို့နယ်ပေါင်း ၄၉ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကော်မရှင်က ပြောတာတော့ ၂၀၁၅ ခုနှစ် မဲလက်မှတ် အဟောင်းတွေ မီးရှို့တာပေ့ါ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ၂၀၂၀ ပြည့် နှစ် မဲလက်မှတ်တွေ ပါမလားလို့ စိုးရိမ်စိတ်နဲ့ လာကြည့်တာပေ့ါ။ ၂၀၂၀ မဲစာရင်းတွေ ပါနေမလား လာကြည့်တာ၊ ကျန်တာအဆင်ပြေပါတယ်။ ကြည့်တဲ့အပေါ်မှာ ပါနိုင်ခြေတော့ မ ရှိပါဘူး။ အများနဲ့ဆိုတော့ ခက်ခဲတယ်။ သူတို့ မဲစာရင်းတွေကို လိုက်ကြည့်ချိန်မှာ ၂၀၁၅ မဲစာရင်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်” ဟု လာရောက်ကြည့်ရှုသူ ဦးမြဦးက ဆိုသည်။

“အခုဒီရက်ပိုင်းအတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အငြင်းပွား မှုဖြစ်နေချိန်မှာ ၂၀၁၅ ခုနှစ် မဲစာရွက်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတော့ ဒီအခြေအနေမျိုး မှာ ဒီစာရွက်တွေ မဖျက်ဆီးသေးဘဲ ထားထား တယ်ဆိုရင်ရော ဘာတာဝန်ကြီးလို့လဲ။ တ ကယ်လို့ ဒီစာရွက်ကိုဖျက်ဆီးမှသာ ဥပဒေနဲ့ ညီညွတ်မယ် မညီညွတ်ဘူးဆိုတာတော့ ကော် မရှင်က ပိုသိမှာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုမျိုးစာရွက်တွေ မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ အခြေအနေက ဒီလိုအချိန်အခါမျိုးမှာ မဖြစ်သင့်ဘူးလို့တော့ ထင်တယ်။ ဘာလို့လဲဆို တော့ ၂၀၂၀ နဲ့ ပတ်သက်ပြီးတော့ အငြင်းပွား မှုတွေ ဖြစ်နေတယ်။ ဒီလိုလည်း ၂၀၁၅ ခုနှစ် ၂၀၁၇ ခုနှစ် မဲစာရင်းတွေလည်း ထားထားဦး၊ သူတို့ သိချင်နေတဲ့ အချက်အလက်တွေကို ဖွင့်ဟပြပြီးတော့ ရွေးကောက်ပွဲကို အရိုးသားဆုံး အသန့်ရှင်းဆုံးဆောင်ရွက်ထားတယ်ဆိုတာ သက်သေအနေနဲ့ ချပြနိုင်မယ်ဆိုရင် ဒီအငြင်းပွားမှုတွေကို အများကြီးပြေလည်သွားနိုင်တာ ပေ့ါ။ အခုက ဒီကိစ္စတွေက ကွန်ပလိန်းတက်စရာတွေ အများကြီး ဖြစ်လာတာပေ့ါ။ ဖျက်သိမ်းရမယ် ဆိုတာတော့ ဖျက်သိမ်းရမှာပေါ့။ အချိန်အခါတော့လိုတယ်။ ပွင့်လင်းမြင်သာမှု အရေးကြီးတယ်။ ပွင့်လင်းမြင်သာမှု လိုတယ်။ ရိုးသားစွာလုပ်ပြမှ အများလက်ခံနိုင်မှာပေ့ါ။ အဲဒီလို မဟုတ်ဘူးဆိုရင် အများမသိတဲ့ ကိစ္စတွေဆိုရင် စောဒကတက်စရာတွေ အများကြီး ဖြစ်လာနိုင်တာပေ့ါ။ ဒါတွေက မလိုလားအပ်တဲ့ နောက်ဆက်တွဲ အများကြီး ဖြစ်လာနိုင်တယ်။ ကျွန်တော်အနေနဲ့ မီးရှို့ဖျက်ဆီးတဲ့အရာ အဆောတလျင် မလုပ်စေချင်ဘူးလို့တော့ ပြောချင်တာပေ့ါ” ဟုတောင်ကြီးမြို့ခံ ဦးဇော်ဝင်းထူးက ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်တို့တွင် နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းမှု မရှိသောကြောင့် ၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် မကျင်းပနိုင်ခဲ့သဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကြားဖြတ်ရွေးကောက် ပွဲကျင်းပခဲ့ပြီး ကျန်ညောင်ရွှေနှင့် ကျိုင်းတုံ တို့သည် လွှတ်တော်ကိုယ်စားလှယ်များ ဆုံးပါးခဲ့ခြင်းကြောင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သေးကြောင်း သိရသည်။

 

Most Read

Most Recent