၂၀၂၀ ပြည့်နှစ်အတွင်း လာလီဂါပြိုင်ပွဲတွင် ရလဒ်အကောင်းဆုံးအဖြစ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက ရပ်တည်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း လာလီဂါပွဲစဉ် စုစုပေါင်း (၃၆) ပွဲ (၂၀၁၉- ၂၀၂၀ ရာသီ ပွဲ ၂၀၊ ၂၀၂၀-၂၀၂၁ ရာသီ ၁၆ ပွဲ) ယှဉ်ပြိုင်ကစားရာ (၅)ပွဲသာ ရှုံးနိမ့်ပြီး (၂၆)ပွဲနိုင်၊ (၅)ပွဲသရေကျကာ (၈၃)မှတ် ရရှိခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်အသင်းသည် ယခုရာသီအစတွင် အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း COVID-19 ကပ်ရောဂါကြောင့် ဘောလုံးပွဲများ (၃)လကြာရပ်နားရပြီးနောက် ဇွန်လအတွင်း တစ်ကျော့ပြန်စတင်စဉ် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီအတွက် လက်ကျန် (၁၁)ပွဲ ယှဉ်ပြိုင် ကစားရာ ရှုံးပွဲလုံးဝမရှိဘဲ (၁၀)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် ရရှိခဲ့သည်။
ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် တစ်နှစ်အတွင်း ရလဒ်အကောင်းဆုံးအသင်းအဖြစ် ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရပ်တည်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လာလီဂါတွင် ပြိုင်ဆိုင်မှုပြင်းထန်လာသောကြောင့် တစ်နှစ်အတွင်း ရမှတ်အများဆုံးအသင်း၏ ရမှတ်ပမာဏမှာ ၂ဝဝ၈ ခုနှစ်နောက်ပိုင်း အနည်းဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ရီးယဲလ်အသင်းသည် (၃၆) ပွဲကစားရာတွင် (၈၃) မှတ်ရယူနိုင်ခဲ့သလို သွင်းဂိုး (၆၅) ဂိုးနှင့် ပေးဂိုး (၂၈) ဂိုးရှိခဲ့ကြောင်း သိရသည်။
ဒုတိယရမှတ်အများဆုံးအဖြစ် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် အက်သလက်တီကိုအသင်း က (၇၃) မှတ် (နှစ်ပွဲလျော့) ရရှိခဲ့ပြီး ဘာစီလိုနာအသင်းက (၆၈) မှတ် (တစ်ပွဲလျော့)၊ ဆီဗီလာအသင်းက (၆၂) မှတ် (နှစ်ပွဲလျော့) ရရှိခဲ့သည်။
တစ်နှစ်အတွင်း ရမှတ်အနည်းဆုံးအသင်းအဖြစ် ဇယားအောက်ဆုံးနေရာ ရပ်တည်နေသည့် တန်းတက် ဟွယ်ဆကာအသင်းက ရပ်တည်ခဲ့ပြီး (၁၆) ပွဲကစားရာတွင် (၁၂) မှတသာ ရရှိခဲ့သည်။















