ဗြိတိန်ဘုရင်မကြီး ချီးမြှင့်သည့် နှစ်သစ်ကူးဂုဏ်ပြုစာရင်းတွင် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ လူးဝစ်ဟာမီလ်တန် ဂုဏ်ထူးဆောင် ဆာဘွဲ့ချီးမြှင့်ခံရ

ဗြိတိန်ဘုရင်မကြီး ချီးမြှင့်သည့် နှစ်သစ်ကူးဂုဏ်ပြုစာရင်းတွင် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ လူးဝစ်ဟာမီလ်တန် ဂုဏ်ထူးဆောင် ဆာဘွဲ့ချီးမြှင့်ခံရ
Photos: Getty Images
Photos: Getty Images
Published 1 January 2021

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ လူးဝစ်ဟာမီလ်တန်သည် နှစ်သစ်ကူးကာလတွင် ဗြိတိန်ဘုရင်မကြီးချီးမြှင့်သည့် ဂုဏ်ပြုစာရင်း၌ ဂုဏ်ထူးဆောင်ဆာဘွဲ့ ချီးမြှင့်ခံရကြောင်း သိရသည်။

    

အသက် (၃၅) နှစ်ရှိပြီဖြစ်သည့် ဟာမီလ်တန်သည် ယခုနှစ်တွင် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို ခုနစ်ကြိမ်မြောက်ရယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမားဖြစ်သည့် ဂျာမနီဂန္ထဝင်ကားမောင်းသမား မိုက်ကယ်ရှူးမေကာ၏စံချိန်ကို အမီလိုက်နိုင်ခဲ့သည်။ 

ဟာမီလ်တန်သည် ယခုနှစ် အတွင်းကျင်းပသည့် ပွဲစဉ် (၁၇) ပွဲအနက် (၁၁) ပွဲအထိ ဗိုလ်စွဲပြီး ကမ္ဘာ့ချန်ပီယံဆုကို (၇) ကြိမ်မြောက် (၂ဝဝ၈၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ၎င်းသည် ကစားသမားဘဝ နိုင်ပွဲစုစုပေါင်း (၉၅)ပွဲအထိရှိလာပြီး မိုက်ကယ် ရှူးမေကာ၏ နိုင်ပွဲ (၉၁) ပွဲစံချိန်ကိုကျော်ဖြတ်၍ သမိုင်းတစ်လျှောက် နိုင်ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည်။ 

ထို့ကြောင့် ၎င်းအနေဖြင့် နှစ်သစ်ကူးကာလတွင် ချီးမြှင့်သည့် ဂုဏ်ပြုစာရင်းတွင် ဆာဘွဲ့ပေးအပ်ချီးမြှင့်ခံရခြင်းဖြစ်သည်။ ဟာမီလ်တန်သည် ဗြိတိန်ဘုရင်မကြီး ချီးမြှင့်သည့် MBE ဘွဲ့ရရှိ ထားပြီးဖြစ်သလို ဆာဘွဲ့ပါ ထပ်မံချီးမြှင့်ခံရခြင်းဖြစ်သည်။ 



ဟာမီလ်တန်သည် ယခုနှစ်တွင် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုအပြင် နိုင်ငံတကာကားမောင်းသမားများအဖွဲ့ချုပ်က ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးဆု၊ Laureus တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုနှင့် BBC အားကစားဆိုင်ရာ ထူးချွန်ဆု(BBC Sports Personality of the Year) များလည်း ရရှိထားသည်။

    

ဟာမီလ်တန်သည် နှစ်သစ်ကူးကာလ ဂုဏ်ပြုစာရင်းတွင်ပါဝင်သည့် အားကစားလောကမှ ထင်ရှားကျော်ကြားသူများအနက် ဆာဘွဲ့ချီးမြှင့်ခံရသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ပြီး CBE(Commander of the Most Excellent Order of the British Empire) ဘွဲ့ရရှိသူ (၃)ဦး၊ OBE (Officer of the Most Excellent Order of the British Empire) ဘွဲ့ ရရှိသူ (၉)ဦး၊ MBE (Member of the Most Excellent Order of the British Empire) ဘွဲ့ရရှိသူ (၂၆)ဦး၊ BEM (British Empire Medal) ဆုရရှိသူ (၂၂) ဦးရှိကြောင်း သိရသည်။ 

ဂုဏ်ပြုစာရင်းတွင် ပါဝင်သူများအနက် ဘောလုံးလောကမှ ကစားသမားဟောင်းများလည်း ပါဝင်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဂီလီယန်ကော့လ်တက်၊ ဆွမ်ဆီးအသင်းနှင့် ဝေးလ်စ်လက်ရွေးစင်တိုက်စစ် မှူးဟောင်း အလန်ကာတစ်၊ ဝုလ်ဗ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ရွန်ဖလားဝါးစ်၊ စပါးအသင်းနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂျင်မီဂရိဗ်စ်တို့ MBE ဘွဲ့ ချီးမြှင့်ခံရကြောင်း သိရသည်။ 

၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်အသင်း တွင် ပါဝင်ခဲ့သူ ဂျင်မီဂရိဗ်စ်(၈၀ နှစ်) သည် စပါးအသင်းအတွက် စုစုပေါင်း (၂၆၆) ဂိုးသွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး အင်္ဂလန်အသင်းအတွက်လည်း (၄၄) ဂိုးသွင်းယူထားသည်။

Most Read

Most Recent