ဧရာဝတီတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၈၆ ဦး ထိရှိလာ

ဧရာဝတီတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၈၆ ဦး ထိရှိလာ
Published 31 December 2020
နီလာစိုး (ပုသိမ်)

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဒီဇင်ဘာ ၃၀ ရက်အထိ COVID-19 ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၈၆ ဦး ထိရှိပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စုံစမ်းသိရှိ ရသည်။

COVID-19 ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေး ဝန်ထမ်းများမှာ မြို့နယ်အလိုက် ဆေးရုံဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများဖြစ်ပြီး ဟင်္သာတမြို့တွင် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၁၃ ဦးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခုနစ်ဦး စုစုပေါင်း ၂၀ ဦးရှိထိကာ ကျန်းမာရေးဝန်ထမ်း ကူးစက်ခံရမှု အများဆုံးမြို့ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

“ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုင်းဒေသကြီးအစိုးရက တစ်ဦးကို တစ်သိန်းစီ ထောက်ပံ့တယ်။ ကျွန်တော်တို့ တိုင်းကျန်းမာကလည်း အရင်ကတော့ ထောက်ပ့ံပါတယ်။ တစ်ယောက် တစ်သိန်းစီ နောက်ပိုင်းကျတော့ မရတော့ဘူး။ တစ်ယောက် နှစ်သောင်းစီပေးတယ်။ နောက်ပိုင်းကျတော့ မထောက်ပ့ံနိုင်တော့ဘူး။ ကျွန်တော်တို့မှာ အလှူငွေမရှိဘူး။ ကျွန်တော်တို့က အလှူငွေနည်းတဲ့ ဌာနဖြစ်တယ်။ လှူတဲ့သူတွေကလည်း နည်းပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က ပြောကြား သည်။

ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ဆေးရုံသို့ လာရောက်ပြသူ၏ လတ်တလော အနေထားတွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို သိရှိခြင်းမရှိဘဲ ကုသမှုများ ဆောင်ရွက်ပေးစဉ် ကူးစက်ခံရခြင်းနှင့် ပြည်သူ့ကျန်းမာဌာနမှ ဝန်ထမ်းများမှာ Swab နမူနာယူရာမှ ကူးစက်ခံရမှုဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပုသိမ်မြို့နယ်တွင် ဆေးရုံကျန်းမာရေး ဝန်ထမ်း ၁၁ ဦးနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ နှစ်ဦးဖြင့် စုစုပေါင်း ၁၃ ဦးရှိကာ ဒုတိယ အများဆုံး ကူးစက်ခံရသည့်မြို့ဖြစ်ပြီး မအူပင်မြို့နယ်တွင်လည်း ဆေးရုံကျန်းမာရေးဝန်ထမ်း ၁၀ ဦးနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ တစ်ဦးဖြင့် စုစုပေါင်း ၁၁ ဦးရှိကာ တတိယအများဆုံး ကူးစက်ခံရသည့် မြို့ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ သိရည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဒီဇင်ဘာ ၃၁ ရက်အထိ COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၄၄၉၅ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၃၉၈၆ ဦးရှိကာ သေဆုံးသူ ၃၈ ဦးထိရှိပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent