တရုတ်နိုင်ငံ အာကာသယာဉ်၏ အစိတ်အပိုင်းများ ရခိုင်ကမ်းရိုးတန်း သံတွဲမြို့နယ် ပင်လယ်ပြင်၌ ကျရောက်ခဲ့

တရုတ်နိုင်ငံ အာကာသယာဉ်၏ အစိတ်အပိုင်းများ ရခိုင်ကမ်းရိုးတန်း သံတွဲမြို့နယ် ပင်လယ်ပြင်၌ ကျရောက်ခဲ့
Photo - Kyaw zin thet
Photo - Kyaw zin thet
Published 28 December 2020

တရုတ်နိုင်ငံ အာကာသယာဉ်၏ အစိတ်အပိုင်းများ ရခိုင်ကမ်းရိုးတန်း သံတွဲမြို့နယ် ပင်လယ်ပြင်၌   ကျရောက်ခဲ့သော်လည်း ငါးဖမ်းရေယာဉ်နှင့် ရေလုပ်သားများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံ အာကာသယာဉ်၏ အစိတ်အပိုင်းများ ရခိုင်ကမ်းရိုးတန်း မြန်မာ့ပင်လယ်ပြင်၌ ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီကျော်တွင် သံတွဲမြို့နယ် မြပြင်ကျေးရွာအနီး ပင်လယ်ပြင်၌ ကျရောက်ခဲ့သည်ကို ဒေသခံများ မြင်တွေ့ခဲ့ရကြောင်းနှင့် ကြိုတင်သတိပေးချက် ထုတ်ပြန်ထားခဲ့သည့်အတွက် ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

“မနေ့က ည ၁၀ နာရီကျော်လောက်မှာ သံတွဲမြို့နယ် မြပြင်ရွာအနီး ပင်လယ်ပြင်မှာ ကျရောက်ခဲ့တာကို ဒေသခံတွေက လှမ်းမြင်တယ်။ ကျွန်တော်တို့ကတော့ ကြိုတင်သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် ငါးဖမ်းရေယာဉ်တွေနဲ့ ရေလုပ်သားတွေကတော့ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးတာ မရှိခဲ့ပါဘူး”ဟု  ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုပြည်နယ်မှူး ဦးနိုင်ဝင်းသိန်းက ပြောကြားသည်။

အာကာသယာဉ်၏ အပိုင်းအစများသည် ဒီဇင်ဘာ ၂၇ ရက် ည ၁၀ နာရီ ၈ မိနစ်မှ ည ၁၀ နာရီ ၃၄ မိနစ်အတွင်း မာန်အောင်လေဆိပ်၏ တောင်ဘက်ရေမိုင် ၄၅ မိုင်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် ၃၃ မိုင်၊  ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်တွင် ကျရောက်လာနိုင်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးနောက်  တရုတ်အာကာသယာဉ်၏ အစိတ်အပိုင်းများ ကျရောက်နိုင်သည့် ဧရိယာအတွင်း ရေယာဉ်ကြီး၊ ရေယာဉ်ငယ်များ၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ အပျော်စီးရေယာဉ်များနှင့် စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း မပြုရန် ငါးလုပ်ငန်းဦးစီးဌာနက ထပ်ဆင့်ထုတ်ပြန်ခဲ့သည်။

“မနေ့က (ဒီဇင်ဘာ ၂၇ ရက်) ၁၀ နာရီခွဲလောက်မှာ အသံအကျယ်ကြီး ကြားလိုက်တယ်။ အိမ်တွေတောင် တုန်သွားတယ်။အဲဒီအာကာသယာဉ်ကအပိုင်းဟာ ပင်လယ်ထဲကို မီးလောင်ပြီးတော့ ကျတာကို မြင်ခဲ့ရတယ်” ဟု သံတွဲဒေသခံ တစ်ဦးက ဆိုသည်။

Most Read

Most Recent