မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းပေးထားပြီး နည်းဥပဒေ ထွက်မလာခြင်းသည် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းပေးထားပြီး နည်းဥပဒေ ထွက်မလာခြင်းသည် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 26 December 2020
ဘိုဘိုမြင့်

မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ ကျင့်သုံးရန် ပြည်နယ်အစိုးရအဖွဲ့မှ နည်းဥပဒေ ပြဋ္ဌာန်းမပေးခြင်းသည် ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်သာ ဖြစ်သည်ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက The Daily Eleven သတင်းစာကို ပြောကြားသည်။

မွန်ပြည်နယ်လွှတ်တော် အနေဖြင့် စည်ပင်သာယာရေးဥပဒေကို စိတ်အားထက်သန်စွာဖြင့် ပြည်သူများ၏ လိုအပ်ချက်၊ အုပ်ချုပ်သူနှင့် ပြည်သူကြားတွင် လိုအပ်ချက်များကို လေ့လာစိစစ်ခဲ့ကာ ကြားနာပွဲများကိုလည်း မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်စလုံးတွင် ပြုလုပ်၍ ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ စည်ပင်သာယာအဖွဲ့ ဆိုသည်မှာ ပြည်သူများအတွက် မိုးလင်းမှ မိုးချုပ်၊ မွေးလာရာမှ သေဆုံးသည့် အချိန်အထိ ထိတွေ့နေရကြောင်း ဒေါ်တင်အိက ပြောကြားသည်။

“ကျွန်မတို့အနေနဲ့ စိတ်အားနှစ်ပြီးတော့ အနှစ်သာရပြည့်ပြည့်နဲ့ ကြိုးစားလုပ်ဆောင်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကို လက်တွေ့ကျင့်သုံးဖို့ နည်းဥပဒေ ထွက်မလာတာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ပုံမှန် အစည်းအဝေးတွေမှာလည်း ကိုယ်စားလှယ်တွေက မေးခွန်းအနေနဲ့ မေးကြတယ်။ စည်ပင်ကော်မတီ ရွေးချယ်ရေး ဆောင်ရွက်ဖို့အတွက်ကို ဘတ်ဂျက်တွေ ဘာဖြစ်လို့ မထည့်တာလဲပေါ့။ ကျွန်မတို့ဘက်က အဲဒီလို ဆောင်ရွက်ပေမယ့်လည်း ပြည်နယ်အစိုးရဘက်ကနေ စည်ပင်သာယာရေးဥပဒေနဲ့ ပတ်သက်လို့ နည်းဥပဒေတွေ ထွက်မလာတာက အစိုးရရဲ့တာဝန်ပဲ ဖြစ်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

မွန်ပြည်နယ်တွင် ပြည်နယ်တစ်ခု၏ အမိအဖဖြစ်သည့် အုပ်ချုပ်ရေးအပိုင်း၊ ဥပဒေပြုရေးအပိုင်း၊ တရားစီရင်ရေးအပိုင်း စသည့် မဏ္ဍိုင်သုံးရပ်တွင် မဏ္ဍိုင်တစ်ခုနှင့်တစ်ခု လေးစားပြီး ကိုယ့်အသိနှင့် ကိုယ်တာဝန်ရှိသည်ကို ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အစိုးရအလုပ်၊ အစိုးရတာဝန်မကျေဟု ပြောရမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သည့် ကိစ္စသည် စည်ပင်သာယာလုပ်ငန်း တစ်ခုတည်းသာရှိကြောင်း၊ စည်ပင်သာယာရေး ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အနေဖြင့် အလုံးစုံ လုပ်ပိုင်ခွင့်ရှိကြောင်း၊ ဘတ်ဂျက်ကိုလည်း ကိုယ်တိုင်တင်ပြ တောင်းခံပြီး ကိုယ်တိုင်လည်း စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သူ ဦးမောင်မောင်ဇော်ထွန်းက ပြောကြားသည်။

“ဒါကို ကိုယ့်ပြည်နယ်အတွင်းမှာ ဥပဒေတွေရေးကြတယ်။ အဲဒီလို ဥပဒေတွေရေးပြီးတော့ ကိုယ်နှစ်သက်သလို စီမံခန့်ခွဲလို့ရတာလည်း ဒီဥပဒေတစ်ခုတည်း ရှိပါတယ်။ အဲဒီအပြင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မှုကို ပေးနိုင်တာလည်း ဒီစည်ပင်သာယာရေး ကိစ္စမှာပဲ ရှိပါတယ်။ အဓိကအားဖြင့် စည်ပင်သာယာရေး ကော်မတီတွေ ဖွဲ့စည်းရတယ်။ အဲဒီလိုဖွဲ့စည်းတဲ့အခါမှာ ပြည်သူစစ်စစ်တွေက ရွေးကောက်ခံပြီးတော့ ပါဝင်လို့ ရတာလည်း ဒီတစ်ခုတည်း ရှိပါတယ်” ဟု ဦး မောင်မောင်ဇော်ထွန်းက ပြောကြားသည်။

ယခင်က ပြည်နယ်အဆင့် စည်ပင်သာယာရေး ကော်မတီဝင်များအား ရွေးကောက်ခံမဟုတ်ဘဲ အစိုးရက ကြိုက်သည့်လူများကို ရွေးချယ်ခန့်ထားသည့် ဖွဲ့စည်းပုံမျိုး လုပ်ဆောင်ထားကြောင်း၊ ယင်းဖွဲ့စည်းပုံကို မကြိုက်သည့်အတွက် ၂၀၁၅ ခုနှစ်နောက်ပိုင်း NLD ပါတီအာဏာရလာချိန်တွင် ရွေးချယ်ခံ ပြည်သူများနှင့် ပြည်နယ်စည်ပင်သာယာ ကော်မတီကို ဖွဲ့စည်းရမည်ဟု ဥပဒေတွင် ပါဝင်လာကြောင်း ဦးမောင်မောင်ဇော်ထွန်းက ဆိုသည်။

“ဥပဒေကတော့ အသက်ဝင်သွားတယ်။ ဒါပေမယ့် လက်ရှိပြည်နယ်အစိုးရက ဘာအတွက်ကြောင့်လဲတော့ မသိဘူး။ စည်ပင်သာယာကော်မတီ အဖွဲ့ကို မဖွဲ့ပေးဘူး။ အဓိကအားဖြင့် ဒီကိစ္စကိုပြောရရင် ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် တစ်ခုကို ပြည်သူတွေ ကိုယ်တိုင်ပါဝင်ပြီးတော့ လုပ်ဖို့အတွက်ကို လက်ရှိပြည်နယ်အစိုးရက သဘောမကျတဲ့ အနေနဲ့ ပြည်သူတွေရဲ့ပါဝင်ခွင့်ကို ပိတ်လိုက်တယ်လို့ပဲ မြင်ပါတယ်” ဟု ဦးမောင်မောင်ဇော်ထွန်းက ပြောကြားသည်။

အစိုးရသစ် တက်လာပါက စည်ပင်သာယာနှင့် ပတ်သက်၍ နည်းဥပဒေပြဋ္ဌာန်းပြီး ပြည်သူများ ပါဝင်ခွင့်ကို လုပ်ဆောင်ပေးရန် ၎င်းကပြောကြားသည်။

စည်ပင်သာယာရေးကော်မတီ ရွေးချယ်ရန်နှင့် လိုအပ်သည့် အသုံးစရိတ်များ စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်လျာထားချက်တွင် မပါဝင်သော်လည်း ကျန်ရှိသည့် ဘတ်ဂျက်ခေါင်းများမှ ဆွဲယူသုံးစွဲပေးမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဝဏ္ဏကျော်က မေလ ၂၂ ရက်က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ထားသည်။

၂၀၁၇ ခုနှစ် ဇွန်၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေ အခန်း (၄) အရ ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေး ကော်မတီအား အဖွဲ့ဝင် (၁၁) ဦးဖြင့်လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအား သက်ဆိုင်မြို့နယ်များ အတွင်းရှိ အိမ်ထောင်စုများ၏ ဆန္ဒဖြင့် ရွေးချယ်သော ပုဂ္ဂိုလ်ငါးဦးနှင့် အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ် နှစ်ဦးဖြင့်လည်းကောင်း ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ဥပဒေပြဋ္ဌာန်းပြီး သုံးနှစ်ကျော် ကြာသည်အထိ ပြည်နယ်အစိုးရ အဖွဲ့မှ စည်ပင်သာယာရေး ကော်မတီ ရွေးချယ်ဖွဲ့စည်းနိုင်ရေး ရွေးကောက်ပွဲပြုလုပ်ခြင်း မရှိပေ။

 

Most Read

Most Recent