နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ပေါလ်မာဆင်က မန်ယူအသင်းအနေဖြင့် လာမည့် Boxing Dayပွဲစဉ်တွင် လက်စတာအသင်းကို အနိုင်ရခဲ့ပါက ယခုရာ သီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်လင့်နိုင်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဒီဇင်ဘာ(၂၆)ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည့် Boxing Day ပွဲစဉ်၌ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာတွင် ရှိနေသော လက်စတာအသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မန်ယူအသင်းသည် ယင်းပွဲတွင် အနိုင်ရရှိခဲ့ပါက ဒုတိယနေရာကို လွှဲပြောင်းရယူနိုင်ဖွယ်ရှိနေခြင်းကြောင့် ပေါလ်မာဆင်က ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းလည်းဖြစ်သည်။

ပေါလ်မာဆင်က "လက်စတာကွင်းမှာ မန်ယူအသင်း အနိုင်ရခဲ့မယ်ဆိုရင် လိဒ်စ်အသင်းကို (၆-၂)ဂိုးနဲ့ အနိုင်ရခဲ့တာထက်ပိုပြီး ချန်ပီယံဆုအတွက် မျှော်လင့်နိုင်စွမ်း ရှိလာမှာပါ။ အဲဒီလိုလုပ်နိုင်ခဲ့ရင် ကျွန်တော် အံ့အားသင့်မိမှာဖြစ်သလို၊ လီဗာပူးလ်အသင်းရဲ့ အဓိကပြိုင်ဘက်လည်း ဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် လက်ရှိအချိန်၌ လက်စတာ၏နောက်၌ ရပ်တည်နေသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းစားမှုတွင် လီဗာပူးလ်၊ မန်စီးတီးတို့၏နောက် တတိယနေရာ၌ ရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် မန်ယူအသင်းသည် Boxing Day ပွဲစဉ်များ၌ ရလဒ်အကောင်းဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် ရပ်တည်နေပြီး စုစုပေါင်း(၂၁)ပွဲအထိ အနိုင်ရရှိကာ (၂)ပွဲသာ ရှုံးနိမ့်ထားကြောင်း သိရသည်။
လက်စတာအသင်းမှာမူ ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်ခွင့်ရလာပြီးနောက် ယှဉ်ပြိုင်ကစားခဲ့သည့် Boxing Day ပွဲစဉ်(၆)ပွဲတွင် (၅)ပွဲအထိ ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် လာမည့်ပွဲစဉ်တွင် မန်ယူအသင်း ရလဒ်ကောင်းလိမ့်မည်ဟု ထင်ကြေးပေးသူ ပိုများနေကြောင်းလည်း သိရသည်။















