အာဆင်နယ်အသင်း၏ အဓိက ကစားသမားများဖြစ်သည့် တိုက်စစ်မှူး အူဘာမီယန်းနှင့် ကွင်းလယ်လူ ပါတေးတို့သည် ဒီဇင်ဘာ (၂၆)ရက်တွင် ကစားမည့် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းသည် ခြေသလုံးဒဏ်ရာကြောင့် အဲဗာတန်ကို ရှုံးနိမ့်သည့် ပရီးမီးယားလိဂ်ပွဲစဉ်နှင့် မန်စီးတီးကို ရှုံးနိမ့်သည့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များကို လွဲချော်ခဲ့ပြီး လက်ရှိတွင်လည်း ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်း၏ ဝက်ဘ်ဆိုက်တွင် "အူဘာမီယန်းသည် အသင်းဆေးအဖွဲ့နှင့် တိုင်ပင်ကာ ကြံ့ခိုင်မှုပြည့်ဝရန်အတွက် အစွမ်းကုန်ကြိုးစားနေကြောင်းနှင့် စနေနေ့ကစားမည့် ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ်ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း"ဖော်ပြပါရှိသည်။
ထို့ပြင် ဒီဇင်ဘာ (၆)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် စပါး (၂-၀) အာဆင်နယ်ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့သည့် အာဆင်နယ်ကွင်းလယ်လူ သောမတ်စ်ပါတေးမှာလည်း ချယ်လ်ဆီးအသင်းနှင့် ကစားမည့်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်းလည်း သိရသည်။
"ပါတေးအနေဖြင့် လက်ရှိတွင် မကစားနိုင်သေးကြောင်း၊ သို့သော် ပါတေး၏ ဒဏ်ရာအခြေအနေမှာ တိုးတက်နေပြီး ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝရန်အတွက် ကြိုးစားနေကြောင်း" အာဆင်နယ်အသင်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။















