၂၀၂၀ ကလပ်ကမ္ဘာ့ဖလား ပွဲစဉ်ဇယားကို FIFA ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်မှ (၁၁)ရက်အထိ ကျင်းပမည်

၂၀၂၀ ကလပ်ကမ္ဘာ့ဖလား ပွဲစဉ်ဇယားကို FIFA ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်မှ (၁၁)ရက်အထိ ကျင်းပမည်
Photo: FIFA
Photo: FIFA
Published 24 December 2020

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကာတာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ဇယားကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း  ကြေညာခဲ့သည်။

FIFA သည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ယခုနှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင် ကာတာကလပ် အယ်လ်ဒူဟေးလ်၊  UEFA ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်၊ CONMEBOL ကိုပါလီဘာတာဒိုးစ် ချန်ပီယံအသင်း (ဆီမီးဖိုင်နယ်အဆင့်သာ ရောက်ရှိသေး သည်)၊ CAF ချန်ပီယံလိဂ်ချန်ပီယံ အယ်လ်အာလီ၊ AFC ချန်ပီယံလိဂ်ချန်ပီယံ အူလ်ဆန်ဟွန်ဒိုင်း၊ CONCACAF ချန်ပီယံလိဂ်ချန်ပီယံ Tigres UNAL နှင့် OFC မှ အော်ကလန်စီးတီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

FIFA မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၀ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်ဇယားအရ ပထမအဆင့်၊ ဒုတိယအဆင့်၊ ဆီမီးဖိုင်နယ်၊ ပဥ္စမနေရာလုပွဲ၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲများကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပထမအဆင့်ပွဲစဉ်အဖြစ် အိမ်ရှင် အယ်လ်ဒူဟေးလ်နှင့် အော်ကလန်စီးတီးအသင်းတို့၏ ပွဲစဉ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ယင်းပထမအဆင့် အနိုင်ရသည့်အသင်းသည် ဒုတိယအဆင့်သို့ တက်ရောက်မည်ဖြစ်ပြီး ယင်းအသင်းနှင့်အတူ အယ်လ်အာလီ၊  အူလ်ဆန်ဟွန်ဒိုင်း၊ Tigres UNAL တို့ကို Team A, Team B, Team C, Team D စသည်ဖြင့် မဲနှိုက်ရွေးချယ်မည် ဖြစ်သည်။ ဒုတိယအဆင့်တွင် Team A နှင့် Team B၊ Team C နှင့် Team D တို့ တွေ့ဆုံမည်ဖြစ်ပြီး ယင်းပွဲစဉ်များကို ဖေဖော်ဝါရီ (၄)ရက်တွင် ကျင်းပမည်ဖြစ်သည်။

UEFA ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် CONMEBOL ကိုပါလစ်ဘာတာဒိုးစ် ချန်ပီယံအသင်းတို့မှာ ဆီမီးဖိုင်နယ်အဆင့်မှ စကစားရမည်ဖြစ်ပြီး ဒုတိယအဆင့်မှ အနိုင်ရအသင်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဖေဖော်ဝါရီ (၇)ရက်နှင့် (၈)ရက်တို့တွင် ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဖေဖော်ဝါရီ (၁၁) ရက်တွင် ကစားမည်ဖြစ်သည်။

၂၀၂၀ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်များကို ကာတာရှိ Education City၊ Ahmad Bin Ali နှင့် Khalifa  ကွင်းများတွင် ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent