မြေသိမ်းခံရပြီး မြေငှားဘဝဖြင့် ထန်းမြစ်စိုက်နေရသူများ (Photo Eassy)

မြေသိမ်းခံရပြီး မြေငှားဘဝဖြင့် ထန်းမြစ်စိုက်နေရသူများ (Photo Eassy)
Published 24 December 2020
ကောင်းခန့်လင်း (မုံရွာ)

ယခု တွေ့မြင်နေရသည့် ဓာတ်ပုံများသည် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ဝက်မှေးကျေးရွာ​ဖြစ်သည်။ ဝက်မှေးကျေးရွာသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အရှေ့ဘက် ကပ်လျက်တွင် တည်ရှိသည်။

အဆိုပါ ကျေးရွာလေးသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသောကြောင့် ဒေသခံရွာသားများ ဘိုးဘွားလက်ထက်ကတည်းက ​လုပ်ကိုင်စားသောက် နေကြသော မြေယာများ သိမ်းဆည်းခံခဲ့ရသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ကျေးရွာအတွင်းမှာ နေထိုင်ကြသည့် ရွာသားအချို့သည် ၄င်းတို့၏ စားဝတ်နေရေး ပြေလည်စေရန်အတွက်  အခြားသူ ပိုင်ဆိုင်သည့် မြေယာကို စျေးချိုချိုဖြင့် ထပ်မံငှားရမ်းကာ ထန်းပင်အမြစ်စိုက်ပျိုး၍ ဝမ်းစာရေးအတွက် ဖြေရှင်းနေကြရသည်။

ရရှိလာသည့် ထန်းပင်အမြစ်များကို မုံရွာမြို့သို့ အဓိကအားထားကာ တင်ပို့ ရောင်းချနေရသည်။ အခြားဒေသများမှ မှာယူသူ ရှိလာပါက တင်ပို့ရောင်းချ ပေးလျက်ရှိသည်။ ယခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့် အခြားဒေသများမှ ထန်းပင်အမြစ်မှာယူသူ အလွန်နည်းပါးသွားကြောင်း သိရသည်။