ဝေဖာထုပ်များအား အပူပေး ပါကင်ထုပ်ထားရာမှ အောင်းအပူဖြစ်ပြီး မီးလောင်မှုတစ်ခု မန္တလေးတွင် ဖြစ်ပွား

ဝေဖာထုပ်များအား အပူပေး ပါကင်ထုပ်ထားရာမှ အောင်းအပူဖြစ်ပြီး မီးလောင်မှုတစ်ခု မန္တလေးတွင် ဖြစ်ပွား
Published 23 December 2020
ကိုထိုက် (ခင်ဦး)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော် အနောက်ရပ်ကွက် အကွက်အမှတ် ၄၀၅ A ၊ အုတ်ကျင်းရပ် ၊ စစ်ကိုင်း-မန္တလေးလမ်း ဧရာဝတီမြစ်ကမ်းနားလမ်းရှိ ဝေဖာစားသောက်ကုန်လုပ်ငန်းတွင် ဒီဇင်ဘာ ၂၃ ရက်  နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှု ဖြစ်ပွားရာနေရာသို့ မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးလောင်မှု အဆင့်-၂ သတ်မှတ်ကာ အုပ်ချုပ်မှုယာဉ် သုံးစီး ၊ မီးငြိမ်းသတ်ယာဉ် ၁၇ စီး ၊ ရေသယ်ယာဉ် ရှစ်စီး ၊ သန္ဓေမီးသတ် ၆၀ ၊ အရံမီးသတ် ၁၀၀  တို့ဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး နံနက် ၂ နာရီ ၀၅ မိနစ်တွင် မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 

မီးလောင်မှုဖြစ်စဉ်မှာ ပေ၂၅x၄၀ ရှိ ဝေဖာစားသောက်ကုန်လုပ်ငန်းတစ်ခုတွင် ဝေဖာထုပ်များကို အပူပေး ပါကင်ထုပ်ထားရာမှ အောင်းအပူဖြစ်ပွားကာ အနီးရှိ ဝေဖာထုပ်များနှင် ကြော်ငြာစက္ကူများကို ကူးစက် စတင်လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။ ထိုမီးလောင်ကျွမ်းမှုကြောင့် ပေ ၂၀x၂၀ သွပ်မိုးပျဉ်ထောင် နှစ်ထပ်  အဆောက်အဦး တစ်လုံး နှင့် ပေ ၂၅x၄၀ သွပ်မိုးပျဉ်ထောင် နှစ်ထပ် အဆောက်အဦး တစ်လုံး ၊ ဆိုင်ကယ် လေးစီး ၊ ဆလွန်းအိမ်စီးကား မော်တော်ယာဉ် တစ်စီး ၊ Hiace မော်တော်ယာဉ် တစ်စီး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုကြောင့် အိမ်ရှင်၏ ညီဖြစ်သူမှာ ရင်ဘတ်ဝဲယာ ၊ လက်နှင့် ခြေထောက်များ မီးလောင်ဒဏ်ရာ ( မစိုးရိမ်) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဝေဖာစားသောက်ကုန် လုပ်ငန်းပိုင်ရှင်အား သက်ဆိုင်ရာ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်း မှ (ပ) ၅၀၁ / ၂၀၂၀ ၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent