ဆန္ဒပြသည့် လယ်သမားအများစုသည် အိန္ဒိယ၏ အကြီးဆုံး လယ်ယာစိုက်ပျိုးရေး ပြည်နယ်နှစ်ခု ဖြစ်သည့် မြောက်ပိုင်း ပန်ဂျပ် နှင့် ဟာရာနာ တို့မှဖြစ်ကြသည်။ ယင်းပြည်နယ်မှ အများစုသည် ဆစ်(ခ်)ဘာသာဝင် ပန်ချာပီလူမျိုးများ ဖြစ်သည်။
စက်တင်ဘာလက အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေသည် အစိုးရက သီးနှံများကို စျေးနှုန်းသတ်မှတ် ဝယ်ယူနေမှုအား ရပ်တန့်စေနိုင်သည့်အတွက် ၎င်းတို့၏ သီးနှံများကို ကုန်သည်များ၊ လက်လီသမားများကဲ့သို့ ပုဂ္ဂလိက အဝယ်တော်များထံတွင် စျေးနှုန်းနှိမ်ချခံရ၍ ရောင်းချရသော ခေါင်းပုံဖြတ်ခံရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်...
မြို့တော် နယူးဒေလီ၏ နံနက်ခင်းက အေးမြသော လေညှင်းလေးများ ဝေ့ဝဲတိုက်ခတ်နေပြီး ညစ်ညမ်းသော မီးခိုးမြူများက နေ ကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်လျက် ရှိသည်။ ယင်းသည် အိန္ဒိယနိုင်ငံမြို့တော်၏ ဆောင်းနံနက်ခင်း လက္ခဏာရပ်များပင် ဖြစ်သည်။
အိန္ဒိယ၏ မြောက်ဘက်ခြမ်းမြို့များမှ လူ ၂၉ သန်း နေထိုင်သည့် နယူးဒေလီ မြို့တော်ကြီးဆီ အဓိက ဆက်သွယ်ထားသည့် လူသွားလူလာမပြတ်ဘဲ အမြဲတစေ ရှုပ်ထွေးနေသော အဝေးပြေးလမ်းမကြီးများသည် ယခုအခါတွင် တော်လှန်ရေးအဓွန့်ရှည် တည်မြဲပါစေဟူသည့် ငိုကြွေးသံများဖြင့် ဆူညံနေသည်။
ခေါင်းပေါင်းအမျိုးမျိုး အရောင်စုံများနှင့် ရှည်လျားပြီး တွဲကျနေသော မုတ်ဆိတ်မွှေးရှည်များရှိသည့် သောင်းနှင့်ချီသော တောင်သူလယ်သမားများသည် မြို့၏ နယ်စပ်များသို့ စုပြုံရောက်ရှိလာပြီး အဝေးပြေး လမ်းမကြီးများပေါ်တွင် လယ်ယာဥပဒေသစ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုကြီး ပြုလုပ်ခဲ့ကြသည်။
လွန်ခဲ့သော သီတင်း တစ်ပတ်ကျော်ခန့်က ယင်းလယ်သမားများသည် ၎င်းတို့၏ ထွန်စက်များနှင့် ကုန်တင်ယာဉ်များဖြင့် စစ်တပ်ကြီး ချီတက်လာသကဲ့သို့ ရဲတပ်ဖွဲ့၏ မျက်ရည်ယိုဂတ်စ်များ၊ နံပါတ်တုတ်များ၊ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းနေသည့်ကြားမှ နယူးဒေလီမြို့တော်ဆီသို့ ဦးတည်ချီတက် သွားရောက်ခဲ့ကြသည်။
ယခုအချိန်၌ ၎င်းတို့သည် သီတင်းပတ်ပေါင်းများစွာ လုံလောက်နိုင်သည့် အစားအစာနှင့် လောင်စာဆီများနှင့်အတူ နယူးဒေလီ မြို့တော်အပြင်ဘက်တွင် စခန်းချထားပြီး ဝန်ကြီးချုပ် နရင်ဒရာမိုဒီအစိုးရ အနေဖြင့် လယ်ယာဥပဒေသစ် ဖျက်သိမ်းရန် တောင်းဆိုမှု ကို မလိုက်လျောလျှင် မြို့တော်ကို ၀ိုင်းအုံသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။
“မိုဒီက ကျွန်တော်တို့ရဲ့ လယ်မြေတွေကို စီးပွားရေးလုပ်ငန်းကြီးတွေဆီ ရောင်းချင်နေတာပါ” ဟု ပန်ဂျပ်ပြည်နယ် လူဟိုင်ရာနာမြို့ မှ မိုင် ၁၉၀ ကွာဝေးသော နယူးဒေလီမြို့သို့ လာရောက်ခဲ့သည့် အသက် ၃၁ နှစ်အရွယ် ကာဂျစ်ဆင်းက ပြောကြားခဲ့သည်။
“သန်းနဲ့ချီတဲ့ လယ်သမားတွေဟာ နောက်မျိုးဆက်တွေအတွက် လယ်မြေကို သူတို့ အသက်ထက် ပိုတန်ဖိုးထားပြီး သွေးနဲ့ချွေးကို ပေးဆပ်ခဲ့ကြတာပါ။ ဒီလိုလယ်သမားအတွက် မိုဒီက အဆုံးအဖြတ် မပေးနိုင်ဘူး”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ညအချိန်များတွင် လယ်သမားများသည် နောက်တွဲယာဉ်များနှင့် ကုန်တင်ကားများ အောက်တွင် စောင်များခြုံ၍ ချမ်းအေးမှုဒဏ် ကို အံတုလျက် အိပ်စက်ကြရသည်။ နေ့အချိန်များတွင်လည်း ၎င်းတို့၏ မော်တော်ယာဉ်များပေါ် စုဖွဲ့ထိုင်၍ အသင့်ယူလာသော ဆန်များ၊ ဟင်းသီးဟင်းရွက်များကို ပြင်ဆင် ချက်ပြုတ်၍ စားသုံးကြသည်။
“ဥပဒေသစ်ဟာ လယ်သမားတွေရဲ့ လယ်မြေတွေကို စီးပွားရေး လုပ်ငန်းကြီးတွေ ကို လွှဲပြောင်းပေးနိုင်တဲ့ စီမံကိန်းကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျွန်တော်တို့ကို လယ်မြေမဲ့တွေ ဖြစ်အောင် လုပ်နေကြပါတယ်”ဟု လယ်ယာမြေလုပ်ငန်းဖြင့် မိသားစုဝင် ခြောက်ဦးကို ထောက်ပံ့နေရသည့် အသက် ၃၃ နှစ် အရွယ် အန်မိုလ်ဆင်းက ပြောကြားခဲ့သည်။
“မိုဒီက သူ့ရဲ့ချမ်းသာတဲ့ မိတ်ဆွေတွေ အူမတောင့်အောင် ဆင်းရဲတဲ့ လယ်သမားတွေကို ငတ်မွတ်ပြီး သေစေချင်နေတာပါ။ ကျွန်တော်တို့တွေက ဒီရက်စက်တဲ့ ဥပဒေကို ဖျက်သိမ်းပေးဖို့ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသူတွေပါ”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် သူက ပြောလက်စ စကားကိုရပ်၍ ခဏကြာ စဉ်းစားခဲ့ပြီးနောက် “တကယ်တော့ သူ့ကို (မိုဒီ) လုပ်ခွင့်ပေးလိုက်ပြီး သူ့ဝန်ကြီးတွေက ကျွန်တော်တို့မြေကိုယူရင် ကျွန်တော်တို့က သူတို့တွေကို နှာခေါင်းသွေး ထွက်တဲ့အထိ ပြန်ထိုးပစ်မှာ”ဟု အန်မိုလ်ဆင်းက ဒေါသနှင့် ပြောကြားခဲ့သည်။
ဆန္ဒပြသည့် လယ်သမားအများစုသည် အိန္ဒိယ၏ အကြီးဆုံး လယ်ယာစိုက်ပျိုးရေး ပြည်နယ်နှစ်ခု ဖြစ်သည့် မြောက်ပိုင်း ပန်ဂျပ် နှင့် ဟာရာနာ တို့မှဖြစ်ကြသည်။ ယင်းပြည်နယ်မှ အများစုသည် ဆစ်(ခ်)ဘာသာဝင် ပန်ချာပီလူမျိုးများ ဖြစ်သည်။
စက်တင်ဘာလက အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေသည် အစိုးရက သီးနှံများကို စျေးနှုန်းသတ်မှတ် ဝယ်ယူနေမှုအား ရပ်တန့်စေနိုင်သည့်အတွက် ၎င်းတို့၏ သီးနှံများကို ကုန်သည်များ၊ လက်လီသမားများကဲ့သို့ ပုဂ္ဂလိက အဝယ်တော်များထံတွင် စျေးနှုန်းနှိမ်ချခံရ၍ ရောင်းချရသော ခေါင်းပုံဖြတ်ခံရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
တက်ကြွလှုပ်ရှားသူများနှင့် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူများက လယ်သမားများ၏ သီးနှံများကို အနည်းဆုံး အာမခံစျေးနှုန်းနှင့် လယ်ယာမြေ အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။
ယင်းဥပဒေသစ်များတွင် အစိုးရက စည်းကမ်း သတ်မှတ်ပေးထားသည့် လက်ကားစျေးများနှင့် လယ်သမားများအကြား ကြားခံအဖြစ် ဆောင်ရွက်နေသည့် အေးဂျင့်များကို ဖယ်ရှားသွားမည် ဟူသည့်အချက် ပါဝင်သည်။
အေးဂျင့်များသည် လယ်ယာစီးပွားရေးနှင့် ၎င်းတို့၏ အဓိက မြီရှင်များဖြစ်ပြီး ဓာတ်ဆီ၊ ဓာတ်မြေသြဇာများ ဝယ်ယူရန်အတွက် ၎င်းတို့ထံမှ ငွေကြေး လျင်မြန်စွာ ရရှိနိုင်သည့်အပြင် မိသားစုအရေးပေါ် ကိစ္စများအတွက်ပင် ငွေများ ချေးယူနိုင်သည်ဟု လယ်သမားများက ပြောကြားခဲ့သည်။
ကောင်းမွန်သည့် သီးနှံစျေးနှုန်းများရရှိရေး ၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အစိုးရက လျစ်လျူရှုထားခြင်း၊ ထပ်တိုးချေးငွေ လျှော့ပေါ့ခြင်းနှင့် ခြောက်သွေ့ရာသီတွင် ရေရရှိရန် အာမခံသည့် ဆည်မြောင်းစနစ် ဆောင်ရွက်ပေးရန် လျစ်လျူရှုခြင်း အစရှိသည့် လယ်သမားများ၏ တည်ရှိဆဲ မကျေနပ်မှုများသည် ယင်းဥပဒေအသစ်တွင် ထပ်မံ ပေါင်းစည်းခဲ့သည်။
ယင်းဥပဒေသစ်အရ လယ်သမားများသည် ၎င်းတို့၏ ထုတ်ကုန်များကို စျေးကွက်တွင် လွတ်လွတ်လပ်လပ် ရောင်းချခွင့် ရရှိမည်ဖြစ်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများမှ ထုတ်ကုန်များကို တိုးမြှင့်နိုင်လိမ့်မည်ဟု အစိုးရက ပြောကြားခဲ့သည်။ သို့သော် လယ်သမားများက အစိုးရသည် ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးမှု မရှိခဲ့ကြောင်း ပြောခဲ့သည်။
အိန္ဒိယလူဦးရေ၏ ၆၀ ရာခိုင်နှုန်း နီးပါးသည် စိုက်ပျိုးရေးလုပ်ငန်းကို မှီခို၍ အသက်မွေးဝမ်းကြောင်း ပြုနေကြပြီး ဒေါသဖြစ်နေသည့် လယ်သမားများသည် မိုဒီအစိုးရနှင့် မဟာမိတ်များကို ဆန့်ကျင်ဆန္ဒပြနေကြသည်။ လွန်ခဲ့သည့်နှစ်က မွတ်စလင်များကို ခွဲခြားဆက်ဆံသည့် နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်နှင့် ပတ်သက်၍ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သောကြောင့် အစိုးရသည် ဆန္ဒပြမှုများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြသည်။
လယ်သမားများ၏ ဆန္ဒပြမှုများမှာ ပိုမို ကြီးမားကျယ်ပြန့်လာပြီး သာမန်ပြည်သူများသည် ၎င်းတို့ကို ထောက်ခံ၍ ဆန္ဒပြမှုများတွင် ပူးပေါင်း ပါဝင်လာကြသည်။ အစိုးရက ဆန္ဒပြမှုများကို အဆုံးသတ်ရန် လယ်သမားများအား ဖျောင်းဖျလိုသည့်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။
၂၀၁၉ ခုနှစ် မေလမှစ၍ ဝန်ကြီးချုပ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ခဲ့သော မိုဒီသည် နိုင်ငံ့စီးပွားရေး ကျဆင်းမှုများ၊ လူမှုရေး ပဋိပက္ခများ၊ လူမျိုးခွဲခြား ဆက်ဆံသည့် အငြင်းပွားဖွယ် ဥပဒေနှင့်ပတ်သက်၍ ဆန္ဒြ မှုများအပြင် ကပ်ရောဂါ ကိုင်တွယ်မှုနှင့် ပတ်သက်၍ ၎င်း၏အစိုးရအပေါ် မေးခွန်းများ ထွက်ပေါ်လာမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ လက်ရှိ ဖြစ်ပွားနေသည့် လယ်သမားများ၏ ဆန္ဒပြမှုများသည် အစိုးရအတွက် စိန်ခေါ်မှုအသစ်တစ်ရပ် ဖြစ်နေပေသည်။
“ကျွန်တော်တို့နိုင်ငံဟာ ပန်းပေါင်းစုံ အပွင့်အခိုင်ကြီးနဲ့ တူပါတယ်။ ဒါပေမဲ့ မိုဒီက အဲ့ဒါတွေကို တစ်ရောင်တည်း ဖြစ်စေချင်နေတယ်။ သူ့မှာ အဲ့လိုလုပ်ပိုင်ခွင့် မရှိပါဘူး။အဲ့ ဒီအတွေးအခေါ်တွေကို ကျွန်တော်တို့ ဆန့်ကျင် ဆန္ဒပြနေကြတာပါ”ဟု ဆန္ဒပြ လယ်သမားတစ်ဦးဖြစ်သည့် ဗီမယ်ဂျစ်ကားလ်က ပြောကြားခဲ့သည်။










