ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌဟောင်း လာပေါ်တာက ၂၀၀၆ ခုနှစ်တွင် ဆယ်ကျော်သက်အရွယ်သာရှိသေးသည့် မက်ဆီကိုခေါ်ယူရန် အင်တာမီလန် အသင်းက ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းခဲ့ဖူးပြီး လက်မခံဘဲ ပယ်ချခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၁၉ ဥရောပစူပါဖလားဗိုလ်လုပွဲတွင် တာဝန်ယူခဲ့သည့် ပြင်သစ်အမျိုးသမီးဒိုင်လူကြီး ဖရာပတ်သည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားမည့် ဂျူဗင်တပ်စ်နှင့် ဒိုင်နမိုကိဗ်တို့၏ ချန်ပီယံလိဂ်ပွဲကို တာဝန်ယူရမည်ဖြစ်ပြီး ချန်ပီယံလိဂ်ပွဲ ကိုင်တွယ်ခွင့်ရသည့် ပထမဆုံးအမျိုးသမီးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက ကိုရိုနာဗိုင်းရပ်စ်ပြဿနာမရှိခင်က ဘောလုံးပွဲနေ့များတွင် ဘောလုံးကိုသာ အပြည့်အဝအာရုံစိုက်ရပြီး အလွန်ပျော်ရွှင်စရာကောင်းခဲ့ကြောင်းနှင့် ယခုအချိန်တွင် အခြေအနေများက ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် ချယ်လ်ဆီးအသင်း၏ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးကို စိတ်ဝင်စားနေဆဲဖြစ်ပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်း၏ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုက မိမိတို့အသင်းသည် မကြာမီလမ်းကြောင်းမှန်ပေါ် ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် ရော်နယ်လ်ကိုးမန်း၏ ဦးဆောင်မှုကို အသင်းသားအားလုံးက အပြည့်အဝယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။
ဆယ်လ်တာဗီဂိုအသင်း၏ တိုက်စစ်မှူး အက်စ်ပတ်စ်က အက်သလက်တီကိုအသင်းသည် ဂျော်အိုဖေးလစ်ကို ခေါ်ယူရန် မကြိုးစားမီက မိမိကို အရင်ကြိုးပမ်းခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ တောင်ပံကစားသမား ဟာဇက်သည် ဒဏ်ရာကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ရှက်တာဒိုးနက်နှင့်ပွဲစဉ်ကို လွဲချော်ရန် သေချာသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။















