လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် စျေးကွက်တွင် ကစားသမားတန်ဖိုးမြင့်မားအောင် စွမ်းဆောင်နိုင်သည့် ပရီးမီးယားလိဂ်နည်းပြစာရင်း၌ ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယာဂန်ကလော့ပ်သည် ပြီးခဲ့သည့် (၅)နှစ်အတွင်း သူ၏လီဗာပူးလ်အသင်းရှိ ကစားသမားများ၏ စျေးကွက်တန်ဖိုးစုစုပေါင်းကို ပေါင်သန်း (၅၀၀)အထက်သို့ မြှင့်တင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်သည် ၂၀၁၅ အောက်တိုဘာလတွင် လီဗာပူးလ်အသင်းအား စတင်တာဝန်ယူခဲ့ပြီး အသင်းအား သူစတင်ကိုင်တွယ်စဉ်က တစ်သင်းလုံးရှိ ကစားသမားများ၏စျေးကွက်တန်ဖိုး (Squad Value)မှာ ပေါင် (၃၁၂)သန်းသာ ရှိခဲ့သည်။
ယာဂန်ကလော့ပ်သည် သူ၏လက်ထက်တွင် ကစားသမားသစ်ခေါ်ယူမှုများအတွက် ပေါင် (၄၇၉.၅)သန်း သုံးစွဲခဲ့ပြီး ကစားသမားများပြန်လည်ရောင်းချခြင်းမှ ပေါင် (၃၆၅.၄)သန်း ပြန်လည်ရရှိခဲ့သည်။
ယာဂန်ကလော့ပ်၏ လက်ထက်တွင် လီဗာပူးလ်အသင်း၏ အပြောင်းအရွှေ့ အသားတင်သုံးစွဲမှုမှာ ပေါင် (၁၁၄.၁)သန်းသာဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်း၏ ကစားသမားများစျေးကွက်တန်ဖိုး (Squad Value)မှာ ပေါင် (၉၇၈.၉)သန်းအထိ ရှိနေရာ သူ၏လက်ထက်တွင် လီဗာပူးလ်အသင်း၏ Squad Value တန်ဖိုးမြင့်တက်မှုမှာ ပေါင် (၅၅၂.၄)သန်းအထိရှိနေသည်။
ယာဂန်ကလော့ပ်၏နောက် ဒုတိယနေရာတွင် ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်က Squad Value တန်ဖိုးမြင့်တက်မှု ပေါင်(၈၈.၉)သန်း၊ တတိယနေရာတွင် ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုက Squad Value တန်ဖိုးမြင့်တက်မှု ပေါင် (၇၇.၃)သန်းဖြင့် အသီးသီးရပ်တည်နေကြောင်းသိရှိရသည်။
လက်ရှိပရီးမီးယားလိဂ် အသင်း(၂၀)ထဲတွင် Squad Value တန်ဖိုးအနိမ့်ကျဆုံး နည်းပြ(၃)ဦးအဖြစ် အာဆင်နယ်နည်းပြ အာတီတာ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် စပါးအသင်းနည်းပြ မော်ရင်ဟိုတို့က ရပ်တည်နေကြကြောင်းသိရှိရသည်။
အာတီတာမှာ Squad Value တန်ဖိုးနိမ့်ကျမှု ပေါင် (၁၃၈.၇) သန်းဖြင့် အဆင့်(၁၈)နေရာတွင်လည်းကောင်း၊ ဂွါဒီယိုလာမှာ Squad Value တန်ဖိုးနိမ့်ကျမှု ပေါင်(၁၉၇.၇)သန်းဖြင့် အဆင့် (၁၉)နေရာတွင်လည်းကောင်း၊ မော်ရင်ဟိုမှာ Squad Value တန်ဖိုးနိမ့်ကျမှုပေါင် (၂၂၈.၈)သန်းဖြင့် အဆင့်(၂၀)နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်နေကြကြောင်း Mirror ကဖော်ပြခဲ့သည်။















