နယူးကာဆယ်အသင်းနည်းပြ စတိဗ်ဘရုစ်က သူ၏အသင်းတွင် ကစားသမား(၃)ဦးနှင့် အသင်းတာဝန်ရှိသူတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးကူးစက်ခံထားရကြောင်း အတည်ပြုပြောကြားခဲ့သည်။
ပြီးခဲ့သည့်သောကြာနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ခရစ္စတယ်ပဲလေ့စ်(၀-၂)နယူးကာဆယ် ပွဲမတိုင်မီ စတိဗ်ဘရုစ်က မီဒီယာများအား ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပွဲကစားရန် နယူးကာဆယ်အသင်းမှာ လန်ဒန်မြို့သို့မထွက်ခွာမီ ဆေးစစ်ဆေးရာ၌ ကစားသမား(၃)ဦးအပါအဝင်(၄)ဦးမှာ ရောဂါပိုးရှိကြောင်း (Positive ဖြစ်ကြောင်း)တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ၎င်းတို့(၄)ဦးအား လန်ဒန်မြို့သို့ ခေါ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

စတိဗ်ဘရုစ်က လက်ရှိအခြေအနေမှာ အသင်းအတွက် အလွန်ခက်ခဲခဲ့သည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ကလပ်အသင်း၏ ရောဂါထိန်းချုပ်မှုဆိုင်ရာ နည်းလမ်းများဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ရန်သာ မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။
''ကျွန်တော်တို့အနေနဲ့ လက်ရှိကြုံတွေ့နေတဲ့ ဗိုင်းရပ်စ်အခြေအနေကို ထိန်းချုပ်နိုင်ပါစေလို့ပဲ ဆုတောင်းနေပါတယ်။ ကျွန်တော်တို့အသင်းက ကစားသမား (၃)ဦးနဲ့ ကျွန်တော့်နည်းပြအဖွဲ့ထဲက (၁)ဦးဟာ ကံမကောင်း စွာနဲ့ပဲ ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ရက် သတ္တပတ်တစ်ခုပါပဲ။ အခြေအနေကို ထိန်းသိမ်းနိုင်ပါ့မလားဆိုပြီး ကျွန်တော်တို့ စိုးရိမ်ပူပန်နေမိပါတယ်''ဟု စတိဗ်ဘရုစ်က ပြောကြားခဲ့သည်။















