ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက အလာဗတ်စ်အသင်းအား အိမ်ကွင်း၌ (၁-၂)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော လာလီဂါပွဲစဉ် (၁၁)တွင် မိမိတို့အသင်းအနေဖြင့် ပုံမှန်စွမ်းဆောင်ရည် မရှိခဲ့သလို၊ ပွဲအခြေအနေအပေါ် လိုက်လျောညီထွေ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၁၁)အပြီးတွင် (ရီးယဲလ်အသင်းမှာ ၁၀ ပွဲသာကစားထား) ရှုံးပွဲ (၃)ပွဲ ကြုံတွေ့ထားပြီး ပြီးခဲ့သည့်ရာသီ တစ်ရာသီလုံး ရှုံးပွဲအရေအတွက်နှင့် တူညီခဲ့သည်။
ထို့ကြောင့် ရီးယဲလ်အသင်း၏ ရာသီအစ စွမ်းဆောင်ရည်ရလဒ်ပိုင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေသလို၊ ဇီဒန်းအနေဖြင့်လည်း ဖိအားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့ပြင် ရီးယဲလ်အသင်းအနေဖြင့် နိုဝင်ဘာလအတွင်း ကစားခဲ့သော လာလီဂါပွဲစဉ် (၃)ပွဲစလုံးတွင် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဗလင်စီယာနှင့် အလာဗတ်စ်ကို ရှုံးနိမ့်ကာ ဗီလာရီးယဲလ်နှင့် သရေကျခဲ့ခြင်းဖြစ်သည်။
အလာဗတ်စ်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် နည်းပြ ဇီဒန်းက အသင်းအနေဖြင့် လိုအပ်ချက်များစွာရှိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
ဇီဒန်းက ''ပြိုင်ဘက်က ပွဲအစပိုင်းမှာပဲ အဖွင့်ဂိုးရသွားခဲ့ပြီး အဲဒီနောက်ပိုင်း ပွဲအခြေအနေက ရှုပ်ထွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ဟာ မီလန်မှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ (အင်တာမီလန်အား အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲအား ရည်ညွှန်း) ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ဘက်စွမ်းဆောင်ရည်တစ်ခုကို မြင်ခဲ့ရပါတယ်။ ကစားသမားတွေဟာ ပွဲအပေါ်လိုက်လျောညီထွေ မရှိခဲ့သလို၊ အားလုံးဟာ ပုံမှန်စွမ်းဆောင်ရည်နဲ့ ညီညာမှုမရှိခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ရာသီအစပါပဲ။ ကျွန်တော်တို့ဟာ ပွဲစဉ်နဲ့ လိုက်လျောညီထွေရှိမယ့် ဟန်တစ်ခုကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒီအရာဟာ ကျွန်တော့်အတွက်တော့ စိတ်ပူစရာနဲ့ စိုးရိမ်စရာပါ။ အဓိကပြဿနာကတော့ ကျွန်တော်တို့အသင်း ပုံမှန်မဟုတ်ခဲ့ပါဘူး။ ဒါဟာ ဆင်ခြေမဟုတ်ပါဘူး။ အမှန်တကယ်အခြေအနေပါ။ ဒီအတွက်လည်း ရှင်းပြစရာမရှိပါဘူး''ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ အစ လာလီဂါပွဲစဉ် (၁၀)ပွဲ ကစားပြီးချိန်တွင် ပေးဂိုး (၁၂)ဂိုးအထိ ခွင့်ပြုထားရခြင်းမှာလည်း နည်းပြ ဇီဒန်းလက်ထက် ရီးယဲလ်အသင်း၏ ရာသီအစ အဆိုးရွားဆုံးခံစစ်စွမ်းဆောင်ရည်မှတ်တမ်းဖြစ်ခဲ့ကြောင်း သိရသည်။
ဇီဒန်းအနေဖြင့် ရီးယဲလ်အသင်းအား ပွဲစဉ် (၁)မှ စတင်ကိုင်တွယ်ခွင့်ရသည့် ရာသီ (၄)ရာသီရှိခဲ့ပြီး ရာသီအစပွဲ စဉ် (၁၀)အပြီးတွင် ၂၀၁၆-၁၇ ရာသီ (၁၀)ဂိုး၊ ၂၀၁၇-၁၈ ရာသီ (၉)ဂိုး၊ ၂၀၁၉-၂ဝရာသီ (၉)ဂိုး တို့သာ ခွင့်ပြုခဲ့ရပြီး ယခုရာသီမှာ အများဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။















