ဘလတ္တာနှင့် ပလာတီနီတို့ကို လိမ်လည်မှု၊ ယုံကြည်မှုအား ချိုးဖောက်မှုစွဲချက်များဖြင့်ဆွစ်ဇာလန်အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရဖွယ်ရှိ

ဘလတ္တာနှင့် ပလာတီနီတို့ကို လိမ်လည်မှု၊ ယုံကြည်မှုအား ချိုးဖောက်မှုစွဲချက်များဖြင့်ဆွစ်ဇာလန်အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်ခံရဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 29 November 2020

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာ နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌဟောင်း ပလာတီနီတို့ကို လိမ်လည်မှု၊ ယုံကြည်မှုအား ချိုးဖောက်မှုစွဲချက်များဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆွစ်ဇာလန် အစိုးရရှေ့နေရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

FIFA ဥက္ကဟောင်း ဘလတ္တာ နှင့် UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီသည် အာဏာအလွဲသုံးမှု၊ ငွေကြေး အလွဲသုံးစားပြုလုပ်မှုတို့ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ဘောလုံးလောကနှင့်ပတ်သက်ခွင့် နှစ်ရှည်ပိတ်ပင်သည့်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ပလာတီနီသည် ဘလတ္တာ၏ခွင့်ပြုချက်ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီတွင် FIFA ထံမှ ဒေါ်လာနှစ်သန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် FIFA ကျင့်ဝတ်ဆိုင်ရာကော်မတီက ဘလတ္တာအား ဘောလုံးလောကနှင့်ပတ်သက်ခွင့် ရှစ်နှစ်၊ ပလာတီနီအား ဘောလုံး လောကနှင့်ပတ်သက်ခွင့် ခြောက်နှစ်ပိတ်ပင်သည့်ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းတို့ နှစ်ဦးစလုံးက စွဲချက်များအတွက် အပြစ်မရှိကြောင်း ငြင်းဆန်ခဲ့ကြပြီး အယူခံဝင်ရာ FIFA အယူခံကော်မတီက ဘလတ္တာ၏ပြစ်ဒဏ်ကို ရှစ်နှစ်မှ ခြောက်နှစ်၊ ပလာတီနီ၏ပြစ်ဒဏ်ကို ခြောက်နှစ်မှ လေးနှစ်သို့ လျှော့ချပေးခဲ့သည်။ သို့ဖြစ်ရာ ပလာတီနီ၏ပြစ်ဒဏ်မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ပြီးဆုံးသွားပြီ ဖြစ်ပြီး ဘလတ္တာ၏ပြစ်ဒဏ်မှာလည်း လာမည့်နှစ် အောက်တိုဘာတွင် ပြီးဆုံးမည်ဖြစ်သည်။

သို့သော် ဆွစ်ဇာလန်အစိုးရ ရှေ့နေရုံးသည် ယင်းဖြစ်ရပ်ကို ၂၀၁၅ ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ဘလတ္တာနှင့် ပလာတီနီအပါအဝင် သက်သေများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။ "လက်ရှိစုံစမ်းစစ်ဆေးမှုအရ တရားစွဲဆိုမှုရဲ့ တစ်စိတ်တစ်ပိုင်းကို ပြန်လည်သုံးသပ်သွားမယ်ဆိုတာ အစိုးရရှေ့နေရုံးက ဒီလထဲမှာ နှစ်ဖက်စလုံးကို အသိပေးထားပါတယ်။ ဂျိုးဆက်ဘလတ္တာနဲ့ မစ်ချယ်ပလာတီနီတို့နှစ်ယောက်စလုံးဟာ အဲဒီအချိန်ကတည်းက လိမ်လည်မှုနဲ့ ပတ်သက်ပြီး သံသယရှိမှုအတွက် စုံစမ်းစစ်ဆေးခံနေရတာပါ" ဟု ဆွစ်ဇာလန်အစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဆွစ်ဇာလန်နိုင်ငံ၏ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအရ အလွဲသုံးစားပြုလုပ်၍ ကိုယ်ကျိုးစီးပွားရှာဖွေကြောင်း ထင်ရှားပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ဘလတ္တာနှင့် ပလာတီနီ အနေဖြင့် ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခံရပါက ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်ခံရဖွယ်ရှိနေခြင်းဖြစ်သည်။ သို့သော် ဘလတ္တာကမူ မိမိအနေဖြင့် ယင်းပေးချေမှုနှင့်ပတ်သက်၍ အမှားကျူးလွန်ထားခြင်းမရှိကြောင်း AFP သတင်းဌာနသို့ ငြင်းဆန်ပြောကြားခဲ့သည်။ "ကျွန်တော် ဘာအမှားမှမလုပ်ထားပါဘူး။ ဒါက အပြန်အလှန် သဘောတူညီမှုအတွက် ပြန်ပြီးပေးခဲ့တာပါ" ဟု ဘလတ္တာက ဆိုသည်။

ပလာတီနီကလည်း ဒေါ်လာ နှစ်သန်း လက်ခံရယူသည်မှာ မှန်ကန်သော်လည်း လာဘ်ပေးခြင်း မဟုတ်ဘဲ ဘလတ္တာအတွက် အလုပ်လုပ်ပေးစဉ်က ရရှိရန်ကျန်နေသည့် ငွေကြေးသာဖြစ်ကြောင်း ထိုစဉ်ကတည်းက ပြောကြားထားသည်။ ပလာတီနီသည် FIFA ဥက္ကဋ္ဌ ပထမ သက်တမ်းအဖြစ် ၁၉၉၈ မှ ၂၀၀၂ ခုနှစ်အထိ ဘလတ္တာတာဝန်ယူစဉ် ဥက္ကဋ္ဌအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း FIFA ထိပ်တန်းတာဝန်ရှိသူများစွာ ခြစားမှုစွဲချက်များ ရင်ဆိုင်ခဲ့ရပြီး ဥက္ကဋ္ဌဟောင်း ဘလတ္တာ၏ ညာလက်ရုံးတစ်ဦးဖြစ်သည့် အထွေထွေအတွင်းရေးမှူး ဂျရုန်းဗယ်လ်ကီမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရုပ်သံ မူပိုင်ခွင့်ရောင်းချရာတွင် လာဘ်ငွေရယူမှုဖြင့် ပြီးခဲ့သည့်အောက်တိုဘာတွင် ဆိုင်းငံ့ထောင်ဒဏ် ရက် ၁၂၀ နှင့် ဒဏ်ကြေး ဒေါ်လာ ၁ ဒသမ ၉၂ သန်း ပေးဆောင်ရန် ဆွစ်ဇာလန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

Most Read

Most Recent