မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာတွင် ကျင်းပရန် AFC စီစဉ်ထား

မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာတွင် ကျင်းပရန် AFC စီစဉ်ထား
Photo: EMG
Photo: EMG
Published 28 October 2020

 

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

AFC သည် လာမည့်နှစ်တွင် ကျင်းပမည့် ပြိုင်ပွဲနှင့် ခြေစစ်ပွဲများကို ထုတ်ပြန်ရာတွင် အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး AFC အနေဖြင့် ယခုနှစ်ကုန်ပိုင်းမှသာ ခြေစစ်ပွဲအုပ်စုများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံများ ရွေးချယ်မည်ဖြစ်သည်။ 

AFC သည် လာမည့် အာရှဖလားပြိုင်ပွဲတွင် အသင်းအရေအတွက် တိုးမြှင့်ထားပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင် ရှစ်သင်းဖြင့် ကျင်းပခဲ့သော်လည်း ၂၀၂၂ ပြိုင်ပွဲတွင် လေးသင်းတိုးမြှင့် ကာ ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၃၂ သင်းအထိ တိုးမြှင့်ထားရာ အာရှနိုင်ငံများအနေဖြင့် ရှစ်သင်းအထိ ဝင်ရောက်ခွင့်ရမည်ဖြစ်သဖြင့်  မြန်မာအမျိုးသမီး အသင်းအနေဖြင့် အာရှဖလားခြေစစ်ပွဲ အောင်မြင်ပြီး နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရပါက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးဝင်ခွင့်ရရန် မျှော်လင့်နိုင်မည် ဖြစ်သည်။ 

၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ် ပွဲတွင် အသင်းပေါင်း ၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ခြေစစ်ပွဲအတွက် အိမ်ရှင် နိုင်ငံများရွေးချယ်မှသာ ကျင်းပမည့်ပုံစံကို အတည်ပြုမည်ဖြစ်သည်။ AFC သည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ပြိုင်ပွဲနှင့် ခြေစစ်ပွဲများ ထုတ်ပြန်ထားသော်လည်း အာရှနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်အခြေ အနေကြောင့် ပြိုင်ပွဲများအားလုံးကို နှစ်ကုန်ပိုင်းမှသာ အတည်ပြုမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်  လေးကြိမ်ယှဉ်ပြိုင်ဖူးပြီး လေးကြိမ်စလုံး အုပ်စုအဆင့်မှ ထွက်ခဲ့ရကာ ၂၀၁၄ ပြိုင်ပွဲတွင် နောက်ဆုံးယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် ယင်းပြိုင်ပွဲအပါအဝင် အဓိကနိုင်ငံတကာပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရန်အထိ ရည်ရွယ်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ နှစ်ကုန်ပိုင်းတွင် လေ့ကျင့်ရန် စီစဉ်ထားသည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား ခြေစစ်ပွဲအပြင် အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent