မြဝတီမြို့တွင် တရားမဝင်လာရောက် နေထိုင်အလုပ်လုပ်ကိုင်ပြီး မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ခုနစ်ဦးအား ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၈၅ မိုင် သီးကုန်းတိုးဂိတ်တွင် စစ်ဆေးရေးအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက် နံနက် ၂ နာရီကျော်က ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင်အမှတ် ၂၈၅၊ သီးကုန်းတိုးဂိတ်တွင် သီးကုန်းအမြန်လမ်း ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကိုကိုမောင်နှင့် ပူးပေါင်းအဖွဲ့သည် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များအား စစ်ဆေးနေစဉ် တောင်ငူဘက်မှ မန္တလေးဘက်သို့ကို မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်နေ သက်ဆွေ အသက် (၃၅ နှစ်)၊ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဝင်းစိုးဦး အသက် (၂၂) နှစ်တို့ လိုက်ပါလာသော TNL 7H/----- နံပါတ်ပါ အဖြူရောင် ခြောက်ဘီးယာဉ်ပေါ်တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား အမျိုးသား ခြောက်ဦး၊ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးတို့အား တွေ့ရှိရသဖြင့် အဆိုပါ တရုတ်နိုင်ငံသား ခုနစ်ဦးအား မိတ္ထီလာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဒုလဝကမှူး ဦးထွန်းသူရနိုင်မှ တရားလိုပြုလုပ်ကာ သီးကုန်း အမြန်လမ်းမရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့က ဒီသီးကုန်းမှာ COVID-19 ကူးစက်ပြန့်ပွားထိန်းချုပ်ရေးအတွက် မန္တလေးတိုင်း အဝင်ကားတွေကို ဒီသီးကုန်းမှာ စစ်ဆေးတယ်။ အဲဒီမှာ ကုန်ကားတစ်စီး ရောက်လာတယ်။ အဲဒါနဲ့ ယာဉ်မောင်းကိုမေးတယ်။ ကျန်းမာရေးထောက်ခံစာ ယူစစ်ဆေးတယ်။ အဲဒါနဲ့ကားပေါ်မှာ ဘာပါလဲမေးတယ်။ ဘာမှမပါဘူးဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကားအမိုးက လှုပ်သွားသလိုဖြစ်တယ်၊ အဲ့ဒါနဲ့ မင်းကသာ ဘာမှမပါဘူးပြောတယ်။ ဒီမှာ လှုပ်သွားတယ်။ မင်းကား ဒီဘက်ရပ်ဆိုပြီး ကျွန်တော်တို့ စစ်ဆေးကြည့်တယ်။ ကုန်ကားအမိုးက နှစ်ထပ်လုပ်လာတယ်။ အောက်ကနေ ကြည့်ရင် အမိုးလို့ပဲမြင်ရတယ်။ ဒါပေမဲ့ အမိုးမှာအပေါ်က ထပ်ခိုးလေးလို့ အကန့်လေး ပါသေးတယ်။ အလုံပိတ်ထားပြီးအထဲမှာ ပန်ကာနဲ့ ဘာနဲ့သေချာလုပ်ထားတာ အဲဒီမှာ ဗမာစကား လုံးဝနားမလည်တဲ့ တရုတ်နိုင်ငံသား ခုနစ်ယောက် တွေ့တယ်။ ကျွန်တော်တို့ အဖွဲ့ထဲမှာ လဝကတွေလည်း ပါတော့ သူတို့က အထောက်အထားစစ်တယ်။ လဝကအက်နဲ့ အရေးယူမယ်။ တရုတ်နိုင်ငံသားခုနှစ်ယောက်က တစ်မှု၊ ယာဉ်မောင်းနှစ်ယောက်ကတော့ တစ်မှု သပ်သပ်အမှု ဖွင့်တယ်” ဟု မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကိုကိုမောင်က အောက်တိုဘာ၂၃ ရက် နံနက်ပိုင်းက ပြောကြားသည်။
အဆိုပါ အမှုမှ အထောက်အထားမဲ့ ဝင်ရောက်လာသော တရုတ်နိုင်ငံသားခုနစ်ဦးအား (ပ) ၂၁၈/၂၀၂၀၊ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက် အက်ဥပဒေပုဒ်မ ၁၃ (၁)၊ အခကြေးငွေရယူပို့ဆောင်ခဲ့သော ယာဉ်မောင်းသက်ဆွေနှင့် ဝင်းစိုးဦးတို့အား (ပ)(ပ)၂၁၉/၂၀၂၀၊ လူ့ဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်အက်ဥပဒေပုဒ်မ ၁၃ (၅) ဖြင့်လည်းကောင်း မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်းမရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















