ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်မှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး Quarantine ဝင်နေသည့် သံဃာ ၇၆ ပါး အောက်တိုဘာ ၁၃ ရက်က ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
သိမ်တော်ကြီးကျောင်းတိုက်မှ သံဃာ ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သဖြင့် အောက်တိုဘာ ၄ ရက်မှ စတင်ကာ အဆိုပါကျောင်းတိုက်အား အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားခဲ့သည်။
ရောဂါပိုးတွေ့ရှိခဲ့သည့် သံဃာ ၇၆ ပါးမှာ ဗဟန်းမြို့နယ်ရှိ အဘိဓမ္မရတနာဃရ ဗိမ္မာန်တော်ကြီး၌ Quarantine ဝင်ပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် သိမ်တော်ကြီးသို့ ပြန်လည်ရောက်ရှိလာကြောင်း ပန်းဘဲတန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
“ သံဃာ ၇၆ ပါးက ကျန်းမာရေးကောင်းလို့ သိမ်တော်ကြီးကို ပြန်ကြွလာတာပါ။သံဃာ ၇၆ ပါးကို ဒီနေ့ ထပ်ပြီးတော့ Swab ယူပါမယ်။ ပိုးတွေ့ရှိခဲ့တဲ့ ကပ္ပိယ ၁၄ ပါးကတော့ ကျောင်းကို ပြန်မရောက်သေးပါဘူး” ဟု ပန်းဘဲတန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
COVID-19 ဒုတိယလှိုင်းတွင် သံဃာတော်များ၊ သီလရှင်များလည်း ကူးစက်ခံရမှုများရှိလာပြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ရွာမကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များလည်း ရောဂါပိုးကူးစက် ခံခဲ့ရသည်။















