ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကြားရှိ စစ်ဆေးရေးဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တွင် ရန်ကုန်မှပြန်လာသူ ၁၀၀၀ ကျော်ပိတ်မိနေကြောင်း သိရသည်။


အလုပ်အကိုင်မရှိတော့သဖြင့် အဆောင်လခများ ပေးချေနိုင်မှု မရှိတော့ခြင်း၊ ပုံမှန်ဝင်ငွေမရှိတော့သဖြင့် စားဝတ်နေရေးကြပ်တည်းလာကြသည့် ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ အလုပ်သွားလုပ်ကိုင်နေသည့် အလုပ်သမားများမှာ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ပြန်လည်ခိုးဝင်ရောက်လာခြင်းများ ပြုလုပ်နေလျှက်ရှိကြောင်း၊ တိုင်းဒေသကြီးနှစ်ခုအကြား စစ်ဆေးရေးဂိတ်များတွင် တရားဝင် ဝင်ရောက်ခွင့်အား အောက်တိုဘာလ ၉ ရက်တွင် တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ချက်များနှင့်အညီ ပြန်လာသူများအား မြို့နယ်အဆင့် ကိုဗစ်ကော်မတီများနှင့် ညှိနှိုင်းကာ နေရပ်ပြန်လာခွင့်အား ပေးခဲ့ကြောင်း၊ နေရပ်ပြန်လာခွင့် ရရှိပြီးနောက် ရန်ကုန်တိုင်းအတွင်း ဒုက္ခရောက်နေသည့် ပြည်သူများမှာ နေ့စဉ်ရာနှင့်ချီ ပြန်လည်ဝင်ရောက်လာလျှက်ရှိချိန်တွင် စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ တိုင်းဒေသကြီး ကိုဗစ်ကော်မတီမှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်လိုက်ခြင်းကြောင့် တိုင်းဒေသကြီးနှစ်ခုအကြားရှိ ပန်တိုင်စစ်ဆေးရေးဂိတ်တွင် လူပေါင်း ရာနှင့်ချီကာ စုဝေးပိတ်မိနေကြကြောင်း သိရသည်။



“ ကျွန်မတို့ မနက်ထဲက ရောက်နေတာ ပြန်ခွင့်ရတယ်ဆိုလို့ ရန်ကုန်မှာ ဘယ်လိုမှ နေမရတော့လို့ အခုပြန်လာတာ ဝင်ခွင့်မပေးတော့ဘူးဆိုလို့ ထိုင်စောင့်နေတာ အခုထိဝင်လို့မရဘူး ဒီနားမှာက ဘာမှစားဖို့ဆိုင်လဲမရှိတော့ အကုန်လုံး ရေလဲ သောက်မရ ထမင်းလဲစားမရ ဖြစ်နေကြတယ် လူတွေ အများကြီးဘဲ၊ ကိုယ်ဝန်သည်တွေလဲတွေ့တယ်၊ ကလေးတွေလည်းတွေ့တယ်၊ ဖွင့်ပေးရင်တောင်မှ အခုချိန်မှာ ဘာလုပ်ရမယ်မသိတော့ဘူး ငိုပဲငိုချင်တယ်” ဟု ပန်တိုင်ဂိတ်တွင် ရောက်ရှိနေသူ ပန်းတနော်မြို့သို့ ပြန်လိုသူ မသိမ့်သိမ့်သူက ပြောသည်။


နေရပ်ပြန်လိုသူများ အခက်အခဲအား မည်သို့ဖြေရှင်းဆောင်ရွက်နေသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာတွင် “ ကျွန်တော်တို့ အခုအစည်းအဝေးထိုင်ပြီး ဘယ်လိုစီမံရမယ်ဆိုတာကို အသေးစိတ်ရေးဆွဲနေပါတယ်၊ Stay Home ဒေသက လာတာမို့ လုပ်ဆောင်ရတာ ခက်ခဲနေတာပါ၊ ကျွန်တော်တို့ ပစ်မထားပါဘူး အမြန်ဆုံးကူညီနိုင်ဖို့ လုပ်ပါမယ်၊ ကျန်းမာရေးကိုလည်း သဘောထားမေးနေပါတယ်၊ အမြန်ဆုံး ဆုံးဖြတ်ချက်ချပြီးတာနဲ့ ပြန်ပြောပါမယ်” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး လုပ်ငန်းအများစု ရပ်နားထားရမှုကြောင့် အဆောင်လခများ မပေးချေနိုင်ခြင်း စားဝတ်နေရေး ခက်ခဲလာခြင်းများကြောင့် ဇာတိမြို့များသို့ ပြန်လာခွင့်ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များမှ ပရဟိတအဖွဲ့များထံ အကူညီတောင်းခံသည့် သူများမှာ နေ့စဉ် ရာနှင့်ချီကာ ရှိနေကြောင်း သိရသည်။















