၂၀၂၀ MNL ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် ဟံသာဝတီအသင်း အပိုဆုကြေးနှင့် ပွဲနိုင်ကြေး ကျပ်သိန်း ၁၁၀၀ ကျော်ရရှိ

၂၀၂၀ MNL ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် ဟံသာဝတီအသင်း အပိုဆုကြေးနှင့် ပွဲနိုင်ကြေး ကျပ်သိန်း ၁၁၀၀ ကျော်ရရှိ
Photo: EMG
Photo: EMG
Published 11 October 2020

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ တွင် ဒုတိယဆုရရှိသည့် ဟံသာဝတီအသင်း သည် အပိုဆုကြေး ကျပ်သိန်း ၁၁၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

ဟံသာဝတီအသင်းသည် တစ်ပွဲချင်း အလိုက် ပွဲနိုင်ကြေးများချီးမြှင့်သလို ပြိုင်ဘက်အသင်းအပေါ်မူတည်၍ ဆုကြေးများပေးအပ်ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် ပြိုင်ဘက်အသင်းများကို က၊ ခ၊ ဂ စသည် ဖြင့် အဆင့်ခွဲ၍ ဆုကြေးများပေးအပ်ခြင်း ဖြစ်ပြီး တစ်ရာသီလုံးအတွက် ဆုကြေး ကျပ် သိန်း ၆၄၀ ချီးမြှင့်ခံခဲ့ရသည်။ ထို့ပြင် MNL ပြိုင်ပွဲတွင် ဒုတိယဆုရသည့်အတွက် အသင်း ပိုင်ရှင်က အပိုဆုကြေး ကျပ်သိန်း ၅၀၀ ထပ်မံ ချီးမြှင့်ရာ အပိုဆုကြေးနှင့် ပွဲနိုင်ကြေး စုစု ပေါင်း ကျပ်သိန်း ၁၁၄၀ ကျော် ရရှိခဲ့ခြင်းဖြစ်သည်။ 

ဟံသာဝတီအသင်းသည် ပွဲနိုင်ကြေးများကို သုံးပွဲလျှင်တစ်ကြိမ် ချီးမြှင့်ပြီး ဒုတိယဆုရရှိသည့်အတွက် ထပ်မံချီးမြှင့်မည့် အပိုဆုကြေးကိုလည်း ရက်ပိုင်းအတွင်း ပေးအပ်မည် ဖြစ်သည်။ ဟံသာဝတီအသင်း ဘုတ်အဖွဲ့သည်  ဒုတိယဆုရရှိသည့်အတွက် MNL ပြိုင်ပွဲကျင်းပရေးက ချီးမြှင့်သည့် ဆုကြေး ကျပ်သိန်း ၇၅၀ ကိုလည်း အသင်းသားများ အား ခွဲဝေပေးမည်ဖြစ်ပြီး ကျန်ရှိသည့်ဆုကြေးများကို အောက်တိုဘာ တတိယပတ်တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့အသင်းက ဒီရာသီမှာ အပိုဆုကြေးနဲ့ ပွဲနိုင်ကြေးက ကျပ်သိန်း ၁၁၀၀ ကျော် ချီးမြှင့်ခဲ့ပါတယ်။ ပွဲနိုင်ကြေးကတော့ သုံးပွဲပြီးရင် တစ်ကြိမ်ချီးမြှင့်တဲ့အတွက် သိန်း ၆၄၀ က ပေးပြီးသွားပါပြီ။ ဒုတိယဆုရတဲ့ အတွက် အသင်းပိုင်ရှင်ကပေးတဲ့ အပိုဆု ကြေးနဲ့ ပြိုင်ပွဲကျင်းပရေးကရတဲ့ ဆုကြေးငွေ ချီးမြှင့်ဖို့ ကျန်ပါသေးတယ်။ အသင်းသားတွေ အားလုံးကို အချိုးကျခွဲဝေပေးမှာဖြစ်ပြီး ပွဲ ကစားရတဲ့ အနေအထားအပေါ်မူတည်ပြီး အဆင့်တွေ ခွဲခြားထားပါတယ်။ အသင်း ပိုင်ရှင်ဆီ တင်ပြထားပြီး ဒီရက်ပိုင်းထဲမှာ ခွဲဝေပေးဖို့ စီစဉ်ထားပါတယ်။ အသင်းပိုင်ရှင်က ချီးမြှင့်တဲ့ ပွဲနိုင်ကြေးနဲ့ ဒုတိယဆုရတဲ့ အပိုဆုကြေးက ကျပ်သိန်း ၁၁၄၀ ရှိပြီး ပြိုင်ပွဲ ကျင်းပရေးက ချီးမြှင့်တဲ့ ဆုကြေးအပါအဝင် ဆိုရင် ဒီရာသီမှာ ဆုကြေးငွေစုစုပေါင်း ကျပ် သိန်း ၁၈၉၀ ချီးမြှင့်နိုင်တဲ့သဘောဖြစ်ပါ တယ်"ဟု ဟံသာဝတီအသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။ 

ဟံသာဝတီအသင်းသည် ယခုရာသီတွင် ရရှိသည့်ဆုကြေးများအနက် ပွဲနိုင်ကြေးများကို ခွဲဝေပေးပြီးဖြစ်သောကြောင့် ကျန်ရှိသည့် အပိုဆုကြေး ကျပ်သိန်း ၅ဝဝနှင့် ပြိုင်ပွဲကျင်းပရေးက ချီးမြှင့်သည့် ဆုကြေး ကျပ်သိန်း ၇၅၀၊ စုစုပေါင်း ကျပ်သိန်း ၁၂၅၀ ကိုသာ ထပ်မံခွဲဝေရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားရသည့်ကာလတွင်လည်း အသင်းသားများကို လစာငွေလျှော့ချခြင်းမရှိဘဲ ပုံမှန်အတိုင်း ပေးချေခဲ့ပြီး ယင်းကာလတွင် လစာပုံမှန်ပေးသည့်ကလပ် အနည်းငယ်သာရှိခဲ့သည်။

Most Read

Most Recent