Southern အသင်း နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားအများစု ယခုလကုန်တွင် စာချုပ်ကုန်ဆုံးမည်

Southern အသင်း နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားအများစု ယခုလကုန်တွင် စာချုပ်ကုန်ဆုံးမည်
Photo: EMG
Photo: EMG
Published 7 October 2020

 

MNL ကလပ် Southern အသင်း နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားအများစု သည် ယခုလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း သိရသည်။

Southern အသင်းနည်းပြချုပ် ဦးကျော်မင်းအပါအဝင် နည်းပြအဖွဲ့ဝင်များ၊ ကစားသမားအများစုမှာ ယခုလကုန်တွင် စာချုပ် ကုန်ဆုံးတော့မည်ဖြစ်ပြီး သက်တမ်းတိုးရန် အသင်းဘက်မှ ဆွေးနွေးခြင်းမရှိသေးကြောင်း သိရသည်။ " ဒီလကုန်မှာ ကျွန်တော်တို့ နည်းပြ အဖွဲ့ဝင်တွေ၊  ကစားသမားတွေတော်တော်များများ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ပြည့်ဖြိုးအောင်လောက်ပဲ စာချုပ်ကျန်တော့မှာ ဖြစ်ပါတယ်။ အသင်းဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ မဆွေးနွေးသေးပါဘူး။ ပြိုင်ပွဲပြီးဆုံးတာ မကြာသေးလို့လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ နောက်ရာသီက ဘယ်တော့ပြန်စမလဲဆိုတာ မသိရသေးတဲ့အတွက် စာချုပ်ကိစ္စကို မဆွေးနွေးသေးတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အသင်းရဲ့ကမ်းလှမ်းမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမှာပါ" ဟု Southern အသင်းနည်းပြချုပ် ဦးကျော်မင်းက ပြောကြားခဲ့သည်။

Southern အသင်းသည် ၂၀၂၀ ရာသီတွင် ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်၌ ဇယားအောက်ဆုံး နေရာသာ ရပ်တည်နိုင်ခဲ့သည်။ Southern အသင်းတွင် လက်ရွေးစင်ဟောင်းကစားသမား အနည်းငယ်သာပါဝင်ပြီး လူငယ်ကစားသမားအများစုဖြင့် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ Southern အသင်းသည် ယခုရာသီတွင် အသင်းသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲအဖြစ် ချင်းယူနိုက်တက်အသင်းကို (၈-၃) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲရပ်နားထားစဉ် ချင်းယူနိုက်တက်အသင်း နုတ်ထွက်သွားသဖြင့် ယင်းရလဒ်ကိုလည်း ပယ်ဖျက်ခံခဲ့ရသည်။ 

ထို့ပြင် Southern အသင်းနည်းပြချုပ် ဦးကျော်မင်းသည် အူအတက်ပေါက်သဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။ ဦးကျော်မင်းသည် ပြိုင်ပွဲပြီးဆုံးခါနီးကတည်းက ဝေဒနာခံစားနေရခြင်းဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် ဆေးစစ်မှုပြုလုပ်ရာ ခွဲစိတ်ကုသရန် လိုအပ်သဖြင့် အောက်တိုဘာ ၃ ရက် ညပိုင်းက ခွဲ စိတ်ကုသခဲ့ခြင်းဖြစ်သည်။ ဦးကျော်မင်း၏ အူအတက်ဝေဒနာ ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent