၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့နိုင်ရန် ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် ရက် ၂၀ ခန့်အလိုတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ထားကာ လျာထားချက်ထက် ပိုမိုတင်ပို့ထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့နိုင်ရန် ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် ရက် ၂၀ ခန့်အလိုတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ထားကာ လျာထားချက်ထက် ပိုမိုတင်ပို့ထား
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 29 September 2020
ဇေယျာငြိမ်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့နိုင်ရန်ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် ရက် ၂၀ ခန့်အလိုတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ထားကာ လျာထားချက်ထက် ပိုမိုတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ၁၁ လကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅၃၁ သန်းတင်ပို့ထားပြီး  ဝင်ငွေဒေါ်လာ ၇၇၄ ဒသမ ၈၉၁ သန်း ရရှိထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ ဆန်တန်ချိန် ၁ ဒသမ ၅၈၃ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၅၁၇ ဒသမ ၁၅၈ သန်း ရရှိထားသည်။ နိုင်ငံပေါင်း ၆၀ သို့ ဆန်ကွဲတန်ချိန် ကိုးသိန်းခွဲခန့်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂၅၇ ဒသမ ၇၃၃ သန်း ရရှိထားသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခွဲအထိ တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“ တစ်နှစ်ကို ဆန်နှင့် ဆန်ကွဲတန်ချိန်က နှစ်သန်းအထက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာ ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်မယ့် အနေအထားဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်သည် စက်တင်ဘာလကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးရန် ရက်ပိုင်းသာ လိုတော့သည်။ ဘဏ္ဍာနှစ်မကုန်ဆုံးမီအချိန်တွင်ပင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းကျော်အထိ တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းကျော်အထိ တင်ပို့ထားပြီး စုစုပေါင်းတင်ပို့မှုပမာဏ၏ ၈၄ ရာခိုင်နှုန်းအထိ ရှိသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ကွဲတန်ချိန် လေးသိန်းကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လသန်း ၁၂၀ ကျော် ရရှိထားပြီး စုစုပေါင်းတင်ပို့မှုပမာဏ၏ ၁၆ ရာခိုင်နှုန်းရှိသည်။

ဆန်တင်ပို့ထားသည့် နိုင်ငံပေါင်း ၆၆ နိုင်ငံအနက် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၄၀၀၀၀ ကျော်အထိ အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

ဆန်ကွဲတင်ပို့ထားသည့် နိုင်ငံပေါင်း ၆၀ အနက် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၄၀၀၀၀ ကျော်အထိ အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် စပါးစိုက် ဧကနှင့် စပါးအထွက်နှုန်းကို လေ့လာကြည့်ပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၇၂၂၃၅၅ (၁၇ သန်းကျော်) စိုက်ပျိုးပြီး စပါးတန်ချိန် ၂၆၄၂၃၃၁၉ ( ၂၆ သန်း ကျော်) ထွက်ရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါး စိုက်ဧက ၁၇၉၃၀၂၉၄ (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၅၆၂၄၄၉၂ (၂၅သန်းကျော်) ထွက်ရှိပြီး  ပြီးခဲ့သည့် လေးနှစ်အတွင်း စပါးအထွက်နှုန်း  အနည်းဆုံးနှစ်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၇၈၆၁၀၅၅  (၁၇ သန်းကျော်) စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် စပါးတန်ချိန် ၂၇၅၇၃၅၈၉ (၂ရသန်းကျော်) ထွက်ရှိခဲ့သဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စပါးအထွက်နှုန်း အများဆုံးနှစ်ဖြစ်ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

Most Read

Most Recent